မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
"ဟေ့ကောင် ရွှေမြ မင်း အားနေတာပဲမဟုတ်လား၊ ငါနဲ့ အထက်တန်း ကျောင်းခဏလိုက်ပေးကွာ"
"ဘာသွားလုပ်မှာလဲ"
"ငါ စာမေးပွဲပြန်ဝင်ဖြေမယ်လေကွာ၊ အပြင်ဖြေနဲ့ ကိုယ့်မြေပုံမြို့နယ်မှာ ဖြေရမှာဆိုတော့ ဒီက ကျောင်းဝင်နံပါတ်နဲ့ ကျောင်းထောက်ခံစာ လိုတယ်"
"ရတယ်လေ"
ရွှေမြနှင့်ကျွန်တော် ဆိုက်ကားတစ်စီးငှားပြီး အထက်တန်းကျောင်း သို့ လာခဲ့ကြသည်။ အထက်တန်းကျောင်းမှာ ကျွန်တော်တက်ခဲ့သော တန်းမြင့်ကျောင်းမဟုတ်တော့ဘဲ ယခင် "ကျောက်ဖြူဥပစာကောလိပ်" လုပ်ခဲ့သော မြို့ပြင်က အဆောက်အအုံကြီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ထား သည်ကို တွေ့ရသည်။ ကျောင်းစာရေးကို အကူအညီတောင်းပြီး ကျောင်း သားလက်ခံစာရင်းကို လိုက်ရှာကြည့်ရာ ကျောင်းဝင်အမှတ် ၃၃၇၇ မောင်ဘညွန့်ကိုတွေ့ပြီး ကျောင်းစာရေးကပင် ကျောင်းအုပ်ထံတွင် လက်မှတ်ထိုးပြီး ကျွန်တော့်ကို ပေးလိုက်ပါ၏။
ကျွန်တော် ဈေးသို့ပြေးကာ ကျွန်တော်လိုချင်နေသော ငါးမျှားတံကြိုးနှင့် ငါးမျှားချိတ်ကို ရှာဝယ်လိုက်သည်။ မနက်စာထမင်းကိုတော့ ထမင်းဆိုင်မှာပဲ ဖြစ်သလိုစားလိုက်ကြသည်။ ရေကကျနေပြီဖြစ်၍ ရေကျနဲ့ပဲ ကျွန်တော်တို့လှေကို လှော်ခတ်ပြီး ဆင်းလာကြသည်။ ကျွန်းများအောက်ဘက်တွင် ပင်လယ်ပြင်ကြီးဖြစ်၍ ကျွန်တော်တို့ ရွက်ထောင် လိုက်ကြရာ လေတိုးအားကောင်းသဖြင့် ရေဆန်ပင်ဖြစ်သော်လည်း လှေသည် လှိုင်းထုကိုတိုးပြီး ကောင်းကောင်းပြေးနိုင်ပေသည်။ ကျွန်တော့်မှာ ကျောင်းနေဖက်တွေရှာပေးလိုက်သော စနစ်သစ်စာအုပ်တချို့ရလာ ၍ ရင်ထဲမှာ ပျော်နေမိသည်။
မနေ့က ရွာမှ လှေထွက်ခွာချိန်မျိုးမှာပဲ ယနေ့လည်း ည ၇ နာရီမှာ ကုက္ကိုရွာဆိပ်သို့ ကျွန်တော်တို့လှေ ကျောက်ဖြူမြို့မှ ပြန်ရောက်လာခဲ့လေပြီ။ အဖေသည် ကျွန်တော်ရောက်ချိန်တွင် ရွာပြန်ဖို့အဆင်သင့်ဖြစ် အောင် အသင့်စောင့်ကြိုနေသည်ကို တွေ့လိုက်ရပေသည်။ ကျွန်တော် ဦးဘိုးကျန်အောင်ကို ကျေးဇူးတင်ကြောင်းပြောပြီး အဖေနဲ့ လိုက်ပါလာ ခဲ့လေသည်။
"သား အဖေတို့နေရာကနေ မြို့တစ်ခေါက်ရောက်ဖို့အတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပြီမဟုတ်လား"
"ဟုတ်တယ် အဖေ၊ ပင်လယ်ခရီးက မနားမနေသွားတာ တစ်နေ့နဲ့ တစ်ညတိတိ ကြာတာလေ"
"တစ်နေ့တစ်ည ဘယ်ကမလဲသားရယ်၊ သားကိုတစ်ရက်ကြိုပြီး ကုက္ကိုရွာကိုပို့ရတယ်လေ၊ ခုပြန်ရောက်တော့လည်း ကိုယ်နေတဲ့တဲကလေး ရောက်သေးလို့လား"
"ဟုတ်တယ်နော် အဖေ၊ တော်တော်လမ်းပန်းဆက်သွယ်ရေးခက်ခဲ တဲ့နေရာပဲ၊ ဒါကြောင့်လည်း တို့ဒေသမှာ အစစအရာရာနောက်ကျနေ တာပါ"
"ဟုတ်တယ်သားရယ်၊ အဖေတို့ငယ်ငယ်တုန်းကဆို စာသင်ကျောင်းတောင် မရှိဘူးလေ"
"ဒါကြောင့် ပြောတာပေါ့အဖေ၊ ကျွန်တော် ကိုယ့်ကျေးလက်ဒေသတွေမှာ ကျောင်းဆရာအရမ်းဖြစ်ချင်တာ၊ စာပေငတ်နေကြတဲ့ ကျေးလက်က ကလေးတွေကို ကျွန်တော် စာကောင်းကောင်းပြပေးမယ်၊ ကျွန်တော် သေချာပေါက်ကျောင်းဆရာဖြစ်စေရမယ် အဖေ"
"အေးပါ အေးပါ အဖေ့သားက သေချာပေါက် ရည်မှန်းချက်အောင် မြင်မှာပါ"
လှေကလေးကတော့ မြစ်ရေပြင်ပေါ် တဖျတ်ဖျတ်ပြေးရင်း ငပသုန် ရွာသို့ ဦးတည်နေပေတော့သည်။
"အောက်အီးအီးအွတ်"
မလှသိန်း လူးလှိမ့်ထလိုက်၏။ ခေါင်းအုံးအောက်သို့ လက်ကိုထိုးနှိုက် လိုက်သည်။ သွပ်ဓာတ်မီးခြစ်ကလေး အသင့်ပါလာ၏။ မီးခြစ်ကလေးကိုခြစ်ပြီး ရေနံဆီမီးခွက်သို့ မီးကူးလိုက်သည်။ မီးခွက်ကလေးကို ကိုင်မြှောက်ကြည့်လိုက်၏။
"ကိုကြီးခမျာ ဘယ်လောက်ထိ မောပန်းလာလိမ့်မလဲ အိပ်နေလိုက် တာ ခြေပစ်လက်ပစ်ပါပဲ၊ နှိုးလို့မဖြစ်သေးဘူး၊ နည်းနည်းအိပ်လိုက်ပါစေ ဦး"
မလှသိန်း မီးခွက်ကလေးကိုကိုင်ပြီး တဲကလေး၏ဘေးတွဲမီးဖိုခန်း သို့ ခြေကိုဖော့နင်းပြီးဆင်းလိုက်၏။ မီးဖိုတွင် မီးမွှေးလိုက်၏။ တော်တော်နှင့်မစွဲ ရိုးတောင်ဦးမှ တိုက်ခတ်လာသော မြောက်ပြန်လေရူးက ကြမ်း ကြားမှ တိုးဝင်လာသည်။ မီးစွဲစပြုသည်နှင့် ညဉ့်ဦးပိုင်းကပင် စပါးလုံး
ရွေးထားသော ဆန်ဖွပ်ကို ထမင်းအိုးထဲထည့်လိုက်၏။ စဉ့်အိုးထဲမှရေကို မဝံ့မရဲအသာနှိုက်ခပ်လိုက်သည်။
"အား...ပါး...ပါး အေးလိုက်တာ"
မလှသိန်းနှုတ်မှ လွှတ်ခနဲထွက်မိသွားသည်။
"ဘယ်တတ်နိုင်မလဲ မလုပ်ရင် ပြီးမတဲ့လား"
ဘဝအသိ၏စေ့ဆော်မှုကြောင့် ရေအိုးထဲမှရေကို မလှသိန်းနှိုက်ခပ် ယူလိုက်သည်။ လက်ထုံကျဉ်သွား၏။ ပြာသိုလ၏ ညကြီးသန်းခေါင် သည် မလှသိန်းအား သတ္တိကောင်းကောင်းပြနေလေပြီ။ မလှသိန်းကား မမှုပေ။ ဆန်ရေဆေးပြီး ထမင်းအိုးကို ဖိုခုံလောက်ပေါ် တင်ထားလိုက်သည်။
"အောက် အီး အီး အွတ်"
"မဖြစ်ဘူး...မဖြစ်ဘူး မျှားတန်းဆွဲ ဦးဖိုးခင်လာလို့မှ ကိုကြီး ငါးစာရှာ မသွားသေးဘူးဆိုရင် ခက်နေဦးမယ်၊ ကိုကြီးက အခုမှ စလုပ်ဖူးတာဆို တော့ သူ့ကိုပဲ အစစအရာရာ ဆရာတင်ထားရတာ"
စိတ်ကူးအတွေးက မလှသိန်း၏အသိရင်မှာ ခိုတွဲလာသည်။
"ကိုကြီး...ကိုကြီး ထတော့လေ"
ကျွန်တော် ဖျတ်ခနဲ ထထိုင်လိုက်သည်။ အလျင်စလိုထပြီး မျက်နှာသစ်ပစ်လိုက်သည်။ မျက်နှာသစ်ပြီး တဲရှေ့ခန်းကလေးသို့ ထွက်လိုက် ၏။ ပိန္နဲပင်ကြီးမှ ဆီးနှင်းပေါက်များ တဲခေါင်မိုးပေါ်သို့ တဖြောက်ဖြောက် ကြွေဆင်းနေကြသည်။ မိုးကောင်းကင်သို့ မော့ကြည့်လိုက်ရာ နှင်းပဝါ ခြုံလွှာကြားမှ မဝံ့မရဲထိုးထွက်နေသော လရောင်မှုန်ဝါးဝါးကို မြင်လိုက်ရ၏။
"ကိုကြီးရေ ကွန်ပစ်တဲ့အဝတ်တွေ ဒီမှာ ဒီမှာ ညီမ ထင်းစင်ပေါ်တင် ပြီး လှန်းထားတယ် ရော့ ရော့"
ညီမလေးသည် ခပ်နွမ်းနွမ်းအဝတ်တစ်စုံကို လှမ်းပေးသည်။ ကျွန် တော် အလျင်စလို လဲဝတ်လိုက်၏။
"ကိုယ့်ညီမလေး ဘယ်ဆိုးလို့တုံး"
နောင်တော်ပင်လယ်နံဘေးက ငပသုန်ရွာကလေး၏ တံငါတဲကလေး မှာ မွေးသမိခင်မရှိတော့သော်လည်း မောင်နှမတွေ၏ ၅၂၈ မေတ္တာ ခွန်အားက မတ်မတ်ခိုင်ခိုင်။
"ကဲ...ကိုကြီး သွားပြီကွာ"
ကွန်နှင့်ပလိုင်းကိုဆွဲပြီး ကျွန်တော် တဲအတွင်းမှထွက်လိုက်၏။ လခြမ်းပုံကွေ့ဝိုက်နေသော ပင်လယ်ကမ်းစပ် အတိုင်းလျှောက်ရင်း ဆောင်းလေကြမ်းကို ရင်ဆိုင်တိုးလိုက်သည်။ "ကုလားမကျောက်တန်း" အရောက်တွင်တော့ ပင်လယ်ကမ်းစပ်သို့ ထိုးထွက်နေသည်မို့ လေတိုး အားက ပိုပြင်းသလိုခံစားရသည်။ "လောင်းထားချိုင်" ကိုကွေ့ပြီး ရွာပြင် ကိုကျော်လိုက်သည်နှင့် တောင်ပေါက်လမ်းက ကြိုနေတော့သည်။ အဖော်မဲ့နေသောကျွန်တော့်မှာ မှောင်မည်းနေသော တောင်ကြားကို ကြည့်ပြီး ကြောက်သလိုလိုဖြစ်သွား၏။ သို့သော် သွားနေကျလမ်းမို့ အရဲစွန့်ပြီးတိုးဝင်လိုက်သည်။
ဆက်လက်ဖော်ပြပါမည်။