ချစ်ခင်စေချင် သစ်တောနှင့်သစ်ပင်

 

ချစ်ခင်စေချင် သစ်တောနှင့်သစ်ပင်

မိုးရာသီကာလ  နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးပွဲတော်တွေကို မြိုင်မြိုင်ဆိုင်ဆိုင်တွေ့ရတဲ့အတွက်     ဝမ်းသာသလိုလို ကြည်နူးသလိုလိုခံစားမိပါတယ်။ တစ်ဆက်တည်းမှာပဲ သစ်တောဦးစီးဌာနကပြဋ္ဌာန်းထားတဲ့  သစ်တောမူဝါဒ(၆) ချက်ထဲက အပိုဒ်(၆)  ပြည်သူအတွင်း နိုးကြားတက်ကြွသည့်အသိ ရှင်သန်နေစေခြင်း ဆိုတဲ့ ဖော်ပြချက်လေးက ဦးနှောက်ထဲ ဖျတ်ခနဲရောက်လို့လာပါတယ်။  အဲဒီမှာ ဘယ်လိုအကျယ်ချဲ့ထားသလဲဆိုတော့ နိုင်ငံတော်၏  လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာတွင်    သစ်တောများသည်  အဓိကအခန်းကဏ္ဍမှပါဝင်နေကြောင်းကို   ပြည်သူတို့အတွင်း နိုးကြားသည့်အသိ  ရှင်သန်နေစေရန် စည်းရုံးလှုံ့ဆော်သွားရမည် လို့ ဖော်ပြပါရှိပါတယ်။   စာရေးသူ နိုင်ငံ့ဝန်ထမ်းတာဝန် စတင်ထမ်းဆောင်ခဲ့တဲ့  ၂၀၀၇  ခုနှစ်ကတည်းက သစ်ပင်စိုက်ခြင်းနဲ့ ပတ်သက်ပြီး ရင်းနှီးခဲ့ရပါတယ်။  ဒါပေမဲ့ နိုင်ငံခြားပညာတော်သင်သွားနေတဲ့  သုံးနှစ်မှာတော့သစ်ပင်မစိုက်ခဲ့ရပါဘူး။  စိုက်ချင်တာတောင် စိုက်ခွင့်မရတာပါ။ သူများနိုင်ငံမှာ ကျောင်းသားဘဝနဲ့နေရတာမို့  သစ်ပင်စိုက်ခြင်းနဲ့  ဝေးခဲ့ရပါတယ်။ စိုက်ဖို့မြေလည်း နေရာမပေးပါဘူး။ သီးပင်စားပင်လေးတွေစိုက်မယ်ဆို    ကော်ပုံး/သံပုံးလေးတွေထဲ မြေထည့်ပြီး စိုက်နိုင်ပါတယ်။

ဒါပေမဲ့လည်း နေရာကန့်သတ်ချက်ရှိပါတယ်။ နိုင်ငံခြားကပြန်လာပြီးနောက်ပိုင်းနှစ်တိုင်းလိုလို သစ်ပင်စိုက်ပျိုးခြင်း တာဝန်တွေနဲ့တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်ရပါတယ်။    ဘာကြောင့်လဲဆိုတော့ လုပ်ငန်းခွင်မှာ  စိုက်ပျိုးမွေးမြူရေး တာဝန်ပေးအပ်ခြင်း ခံရတာကြောင့် သီးပင် စားပင်၊ ရတနာတန်းဝင်ပင်၊ အရိပ်ရလေကာပင်တွေကို ကာလဒေသအလိုက်  စိုက်ခဲ့ရသလို   မိုးရာသီတိုင်း  မပျက်မကွက်စိုက်ပျိုးရတဲ့   သစ်ပင်စိုက်ပျိုးပွဲတွေမှာလည်း စိုက်ရပျိုးရပြန်ပါတယ်။ စာရေးသူက မူလကတည်းက  သစ်ပင်စိုက်တာကို စိတ်အားထက်သန်သူပါ။ ဝါသနာကြောင့် တင်မဟုတ်ဘဲ  စိတ်အခံမှာကိုက  လူ့ပတ်ဝန်းကျင်အကျိုးပြု   သစ်တောသစ်ပင်တွေဆို    တန်ဖိုးထားတတ်ပါတယ်။

အလှပွင့်ပန်းပင်လေးတွေကအစ   အရိပ်ရပင်၊ လေကာပင်အားလုံးကို အခြေအနေပေးရင်ပေးသလို  စိုက်ပျိုးလေ့ရှိပါတယ်။

နောက်ဆုံးဘာမှစိုက်စရာမရှိရင်တောင်  ကိုယ်နေရတဲ့နေရာမှာ   ဗိုလ်ကတော် မျက်ခုံးပင်လေးတွေစိုက်ပါတယ်။  အဖိုးအခမကုန်တဲ့   မျက်စိပသာဒဖြစ်ဖွယ်  ခြံစည်းရိုးလေးတွေဆိုလည်း  မမှားပါဘူး။      

စင်ကာပူရဲ့ ရေအခက်အခဲ၊ ဒီရေတောမရှိတဲ့ လာအိုနိုင်ငံ၊ သဲကန္တာရထဲက အစ္စရေး၊ လူဦးရေနဲ့   နိုင်ငံအကျယ်အဝန်းမမျှတတဲ့  ဂျပန်နိုင်ငံတို့ရဲ့အခြေအနေတွေကို လေ့လာသိရှိရတော့မှ စိုက်ပျိုးထွန်ယက်ဖို့ မြေဆီမြေဩဇာကောင်းတွေ၊ အဖိုးတန်ရေချိုတွေ၊ ဒီရေတောတွေ၊ လူဦးရေနဲ့ နိုင်ငံအကျယ်အဝန်း အချိုးအစားမျှတမှုတွေကို ပိုင်ဆိုင်ထားတဲ့ စာရေးသူတို့နိုင်ငံဟာ အင်မတန်ကံကောင်းတဲ့နိုင်ငံပါလားလို့ အတွေးဝင်မိပါတယ်။ ဒါကြောင့်လည်း  မြန်မာနိုင်ငံကိုရောက်လာကြတဲ့ နိုင်ငံခြားသားတိုင်းဟာ စိမ်းစိုဝေဆာနေ

တဲ့ ရှုခင်းတွေ၊ ကျယ်ပြန့်လှပတဲ့ တစ်မျှော်တစ်ခေါ် ကွင်းပြင်တွေ၊  တငြိမ့်ငြိမ့်ယှက်သွယ်စီးဆင်းနေတဲ့ မြစ်ချောင်းတွေ၊ အုံ့အုံ့ဆိုင်းဆိုင်း သစ်တောကြီးတွေကိုကြည့်ပြီး သာယာလိုက်တာ၊  အေးချမ်းလှပလိုက်တာလို့  ပြောခဲ့ကြခြင်းပါ။   ကုန်းပေါ်မှာ ပေါက်ရောက်တဲ့ သစ်တောတွေကနေ အဖိုးတန်တောထွက်ပစ္စည်းတွေကို ရရှိသလို   ဒီရေတောတွေဆီကနေလည်းမကုန်ခန်းနိုင်တဲ့  သယံဇာတတွေကိုရရှိနေပါတယ်။    အမှန်အတိုင်း ဆိုရရင် ဒီရေတောတွေရဲ့အရေးပါမှုကို   အရင်က သတိမထားမိခဲ့ပါဘူး။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ဒီရေတောတွေရဲ့ စွမ်းရည်ကို သိခွင့်ရခဲ့တာပါ။ အဲဒီဆူနာမီကြောင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့သီရိလင်္ကာနိုင်ငံတွေ ထိခိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေအရ   ဒီရေတောရှိတဲ့  ဒေသတွေကတော့   တခြားနေရာတွေထက် ထိခိုက်ပျက်စီးမှုတွေ နည်းခဲ့ပါတယ်။  ရေဒီယိုသတင်းတစ်ခုရဲ့ဖော်ပြချက်အရ ဒီရေတော အကာအကွယ်ရှိတဲ့ သီရိလင်္ကာနိုင်ငံက  ရွာတစ်ရွာမှာ    လူတစ်ယောက်သာသေဆုံးခဲ့ပြီးတော့ ဒီရေတောမရှိတဲ့ရွာ တချို့ဘက်မှာတော့   လူပေါင်း  ၆၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  ဒါကြောင့်မို့ပဲ အိန္ဒိယနိုင်ငံက စိုက်ပျိုးရေးပညာရှင်တစ်ယောက်က ဒီရေတောတွေဟာ ဆူနာမီရဲ့အပြင်းထန်ဆုံး ဒဏ်ကို   ဒိုင်းသဖွယ်ကာကွယ်ပေးသွားတယ်လို့ ဆိုခဲ့ပါတယ်။ 

ဒီရေတောတွေဟာ ကုန်ထုတ်လုပ်မှုအားကောင်းတဲ့ ဂေဟဗေဒစနစ်တစ်ခုပဲဖြစ်ပါတယ်။ ကုန်းမြေနဲ့ ပင်လယ်ကိုချိတ်ဆက် ပေးထားတာကြောင့်  ကုန်းနေရေနေသတ္တဝါတွေရဲ့ ရှင်သန်ကျက်စားရာ နေရာတစ်ခုဆိုလည်း မမှားပါဘူး။  ဒီရေသစ်တောထွက်ပစ္စည်းများစွာဟာ လူသားတို့အတွက်သာမက တိရစ္ဆာန်တို့အတွက်ပါ အသုံးဝင်တဲ့အရာတွေပါပဲ။ FAO  ရဲ့ထုတ်ပြန်ချက်အရ ဒီရေသစ်တောထွက်ပစ္စည်းများ စာရင်းကိုသိရတော့   အံ့ဩထူးဆန်းမိပါတယ်။ သစ်၊ တိုင်၊ မျော၊ ထင်း၊ မီးသွေး၊ ဇလီဖား၊   ဓနိသက်ငယ်၊   ငါးမျှားတံ၊ ရေယွန်(Rayon)၊   ဆိုးဆေးအမျိုးမျိုး၊ သကြား၊  အယ်လ်ကိုဟော၊ စားသုံးဆီ၊ ရှလကာရည်၊ ကော်၊ ပျော့ဖတ်၊ ဆေးဝါး၊ ငှက်၊ ပျားရည်၊ ပျားဖယောင်း၊ ငါး၊ ပုစွန်၊ ကဏန်း၊ နို့တိုက်သတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေ ပါဝင်နေတာကို တွေ့ရတော့ မနည်းမနော စားကုန် သုံးကုန်တွေပါလားလို့ တွေးမိပါရဲ့။              

ဒါပေမဲ့လည်း   ဒီရေတောများထဲမှာ ပုစွန်လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ကမ်းရိုးတန်းဒေသ   စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနဲ့ သစ်၊ ထင်း၊ မီးသွေး စတာတွေ အလွန်အမင်းထုတ်လုပ်မှုတွေကြောင့် ဒီရေတောတွေ   ပျက်စီးခဲ့ရတာကလည်း နှစ်ကာလတစ်ခုကြာခဲ့ပါပြီ။ တာဝန်ရှိသူတွေအနေနဲ့ ရရှိတဲ့ အကျိုးကျေးဇူးတွေကို သိရှိတာကြောင့် ဒီရေတောတွေ ဆက်လက်ရှင်သန်တည်ရှိစေဖို့ ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။ ဒီရေတောတွေရှိနေတာကြောင့်   ကမ်းခြေဒေသတွေကို ရေလှိုင်းကြီးတွေနဲ့  လေတိုက်စားခြင်းတို့ကနေ ကာကွယ်ပေးသလို ကုန်းတွင်းပိုင်း စိုက်ပျိုးမြေတွေဆီ ဆားငန်ရေတွေမဝင်ရောက်စေဖို့ ကာကွယ်ပေးပါတယ်။ လေပြင်းမုန်တိုင်းများဒဏ်ကိုလည်း  လျော့နည်းစေပါတယ်။ တောရိုင်းတိရစ္ဆာန် အထူးသဖြင့် ရေနေသတ္တဝါတွေအတွက်     အရိပ်အာဝါသ၊ အစားအစာနဲ့   နေရာဒေသတွေကိုလည်း ဖန်တီးပေးပါတယ်။  ကုန်းတွင်းပိုင်းကလာတဲ့အနည်တွေကို  ထိန်းသိမ်းထားပေးလို့  ကမ်းနီးသန္တာကျောက်တန်းတွေအတွက်    အကာအကွယ်ပေးခြင်းနဲ့ ရေနောက်ကျိမှု ကိုလည်း  လျော့နည်းစေပါတယ်။ ဒါ့အပြင် အပန်းဖြေနားနေနိုင်ခြင်း၊ သုတေသနလုပ်ငန်းများနဲ့ ပညာရေးပညာပေးလုပ်ငန်းတွေဆောင်ရွက်နိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေတာကိုလည်း တွေ့ရှိရပါတယ်။    

စာရေးသူတို့နိုင်ငံဟာ   ကုန်းပေါ်မှာပေါက်တဲ့ သစ်တောသစ်ပင်တွေသာမက ပင်လယ်ကမ်းရိုးတန်းတွေမှာရှိတဲ့   ဒီရေတောတွေကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအတွက်  တစ်ဖက်တစ်လမ်းကနေ အခြေခံကောင်းတွေကို ပိုင်ဆိုင်ခွင့်ရထားပါတယ်။   ဒီလိုသဘာဝပေးသစ်တော သစ်ပင်တွေ အကျိုးမဲ့ပြုန်းတီးမသွားစေဖို့ တာဝန်ရှိသူတွေက ကုစားရေးနည်းလမ်းပေါင်းစုံနဲ့ ကြံဆလုပ်ဆောင်နေကြပါတယ်။ ဒါကြောင့်မို့ပဲ ကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေခြင်း၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေခြင်း၊ ပြည်သူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လာစေခြင်း၊ ပြည်သူအတွင်း နိုးကြားတက်ကြွသည့် အသိရှင်သန်နေစေခြင်းဆိုတဲ့ သစ်တောမူဝါဒ(၆) ချက်ကို ပြဋ္ဌာန်းထားပြီး သစ်တောသစ်ပင်တွေရဲ့     တန်ဖိုးကို ပြည်သူတွေသိရှိအောင် ဆောင်ရွက်နေကြပါတယ်။  

ဒါကြောင့်မို့   ရေခံမြေခံကောင်းတွေရှိတဲ့ တိုင်းပြည်တစ်ခုမှာ နိုင်ငံသားဖြစ်ခွင့်ရတဲ့  ကျွန်တော်တို့တွေဟာ သဘာဝဘေးဒဏ်ကာကွယ်တားဆီးရေးလုပ်ငန်းများမှသည်   တိုင်းပြည်ကုန်ထုတ်စီးပွားလုပ်ငန်းတွေအထိ ပါဝင်ဆောင်ရွက်နိုင်သူတွေဖြစ်အောင်  အမြင်ကျယ်ကျယ်  အသိကြွယ်ကြွယ်နဲ့ သစ်တောသစ်ပင်တွေကို ချစ်ခင်ပြီး လက်ဆင့်ကမ်းထိန်းသိမ်းကြပါစို့လို့ အမျိုးသားရေးအမြင်နဲ့ တိုက်တွန်းလိုက်ရကြောင်းပါခင်ဗျာ။    ။

အန်ကန်စိုး