ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများတွင် လိုအပ်သည့် သန့်ရှင်းရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

 

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများတွင် လိုအပ်သည့် သန့်ရှင်းရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ ၂၈ ရက်

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတား များအပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများ အတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင် သစ်ကိုင်းများ ဖယ်ရှားပေးခြင်း အပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထို့ပြင် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်းခြင်းနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်း များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

၎င်းအပြင် ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်း ဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံဘောင် ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ပြုပြင်ရန် ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံး ဆက်လက် ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။