တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား
နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာ ၂၈
၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊တပ်မတော်(ကြည်း၊ရေ၊လေ) ကရာတေးပြိုင်ပွဲကို စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ အကြီးတန်း ၇၅ ကီလိုအောက်၊ ၈၄ ကီလိုအောက်၊ ၈၄ ကီလိုအထက် ကုမိတဲ့ပြိုင်ပွဲ၊ အသင်းလိုက် ကုမိတဲ့ပြိုင်ပွဲများကိုလည်းကောင်း၊ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး မီတာ ၃၀၀၀ တားဆီးကျော် ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ ၁၀၀ ၊၄ ယောက် လက်ဆင့်ကမ်းပြေးပြိုင်ပွဲ လူရွေးပွဲနှင့်ဗိုလ်လုပွဲ၊ အမျိုးသမီး ၇ မျိုးစုံ အလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး ၇ မျိုးစုံ လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသမီး ၇ မျိုးစုံ မီတာ ၈၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြပြီး အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ပြေးခုန်ပစ်ကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အမျိုးသမီး ကြိုးတပ်သံလုံးပစ် ပြိုင်ပွဲတွင် ကမ်းရိုးတန်တိုင်းစစ်ဌာနချူပ်မှ သွယ်သွယ်မိုးက ၂၀၂၃ ခုနှစ် စံချိန် ၄၅ ဒသမ ၅၃ မီတာထက်သာလွန်ပြီး စံချိန် ၄၈ ဒသမ ၇၈ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည်။
၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသိရိ အားကစားရုံ (A)တွင် အမျိုးသား/အမျိုးသမီး ခတ ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် အတိုက် ရှုံးထွက် ပွဲစဉ်များ၊ ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့် ဗိုလ်လုပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ကစားကြသည်။ ထိုနောက် အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ဂျူဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
တပ်မတော်(ကြည်း၊ရေ၊လေ)အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစား ရုံ(B)တွင် အမျိုးသား/ အမျိုးသမီး အုပ်စုပတ်လည် ပွဲစဉ်များကိုလည်းကောင်၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာ သီရိအားကစားရုံ(C)၌ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဗန်တို အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသားပန်ကြပ်ဆီးလပ် အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားနှစ်လက် အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားနှစ်လက်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသမီး ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ဓားတစ်လက် အတိုက် ပြိုင်ပွဲများကိုလည်းကောင်း၊ လက်ဝှေပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် ၈၀ ကီလိုလူသစ်တန်း၊ ၅၄ ကီလို က အဆင့်၊ ၅၁ ကီလို ၆၃ ဒသမ ၅ ကီလို၊ ၇၁ ကီလိုအလွတ်တန်းပြိုင်ပွဲ ၊ အကြိုဗိုလ်လုပွဲ ပြိုင်ပွဲပွဲစဉ်များကို လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် လေ့ကျင့်ရေး ကွင်း(၁)၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ကာကွယ်ရေးဦးစီးချူပ်ရုံးစခန်းမှူးရုံး ကိုယ်စားပြု အသင်းနှင့်အရှေပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေဖြင့် လည်းကောင်း၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့် အုပ်စုပတ်လည် ပွဲစဉ်အဖြစ် တောင်ပိုင်း တိုင်းစစ်ဌာနချူပ်ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့ယှဉ်ပြိုင် ကစားရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းက တောင်ပိုင်းတိုင်း စစ်ဌာနချူပ်ကိုယ်စားပြု အသင်းအား ၄ ဂိုး၊ ၁ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။