နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး

 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၂၉  ရက်)

    နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းမှာ ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံး လိုလားနေသည့် ဆန္ဒအစစ်အမှန်ဖြစ်သည်။ တပ်မတော်သည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်အာဏာ လွှဲအပ်ရေးကို မမှိတ်မသုန် ဦးတည်ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင် အကြမ်းဖက် တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမှုများစွာ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတား ဖြစ်စေခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာသည့်အကြောင်းရင်း အစစ်အမှန်သည် ၂ဝ၂ဝ  ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများကို  အေးချမ်းစွာ ပြီးဆုံးစေရန်အတွက်   နိုင်ငံရေးနည်းလမ်း မျိုးစုံဖြင့်ညှိနှိုင်း ဖြေရှင်းရန်ကြိုးပမ်းခဲ့မှုကို လျစ်လျူရှု၍ နိုင်ငံတော်အာဏာကို မမှန်မကန်သော နည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကသာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပေးခဲ့မည်ဆိုပါက စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှာ ဖြောင့်တန်းနေမည်ဖြစ်သည်။ ထိုသို့မဖြစ်ခဲ့သည့်အတွက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ တပ်မတော်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ နိုင်ငံတော်ကို ဦးဆောင်ခဲ့ရခြင်းဖြစ်သည်။

ထိုသို့ဦးဆောင်မှုပြုလျက် ရှိရာတွင်   နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့် အဝရရှိလာအောင် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပါတီအဟောင်းများ ပြန်လည်မှတ်ပုံတင်စေခြင်း၊ ပါတီအသစ်များ ဖွဲ့စည်းကာမှတ်ပုံတင်စေခြင်း စသည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်း ကို အောင်မြင်စွာ ဆောင်ရွက်ပြီး ၂ဝ၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကိုပြန်လည် ကျင်းပပေးမည်ဖြစ်သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသည်။ ယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သည်။ အဆိုပါလုပ်ငန်းများကို နိုင်ငံတော် အစိုးရအနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်လည်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ ယနေ့ထက်တိုင် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်လျက်ရှိသည်။ နိုင်ငံသားများအား အထူး သက်ညှာစွာ ဆောင်ရွက်ပေးနေခြင်းမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုခြင်းဖြစ်သည်။

ယခုတစ်ဖန် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်းဟူ၍ ဖိတ်ခေါ်ထားသည်။ လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန် အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF  အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော် လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော် လည်းကောင်း  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး    ဆက်သွယ် ဆောင်ရွက်နိုင်ပါရန်  ကမ်းလှမ်းဖိတ်ခေါ်ထားသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အောင်မြင်စွာ ဖြေရှင်းခြင်းကို ပြည်သူတစ်ရပ်လုံးက လိုလားလျက်ရှိကြသည်။  နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများ၏ ဆန္ဒကို အကောင် အထည်ဖော်နေခြင်း ဖြစ်သည့်အတွက်  သက်ဆိုင်သူများအနေဖြင့်  နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရန် ဖြစ်ပါကြောင်း။   ။