(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၈
(၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့“World Rabies Day” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စုဝေး ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာအောင်ကြီး၊ သစ်တောဦးစီးဌာန၊ မွေးမြူရေး သုတေသနဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခု ၂၀၂၄ ခုနှစ် World Rabies Day ၏ ဆောင်ပုဒ်သည် “Breaking Rabies Boundaries” “အတားအဆီးများကို ကျော်လွန်မှ ခွေးရူးရောဂါကင်းစင်ပ ခြေလှမ်းတိုင်းမှာ ပါဝင်ကြ” ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ခွေးရူးရောဂါ ကူးစက်မှုများဖြစ်ပွားလျက် ရှိသည့် နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ခွေးရူးရောဂါကူးစက် ဖြစ်ပွားမှုလျော့နည်းလာပြီး ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ ပျောက်ကွယ်သွားအောင် ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ခွေးရူးရောဂါကင်းစင်ရေးနှင့် တိုက်ဖျက်ရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောကြပြီး ဒုတိယဝန်ကြီးက စာရေးဆရာ မောင်အောင် ရေးသားပြုစုထားသည့် သုတရသစာအုပ်များကို ကျောင်းစာကြည့် တိုက်အတွက် ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါအခမ်းအနားများကို ပျဉ်းမနား အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းတို့၌ တစ်ချိန်တည်း ကျင်းပကြကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ရေဆင်းငါးစခန်းအတွင်း တင်ကျန်ခဲ့သည့်နုန်းများ ဖယ်ရှားရှင်းလင်းနေမှု၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် နေမှု၊ မျိုးငါးကန်နုန်းရေထုတ်ခြင်း၊ GAqP ငါးကန်များ ရေသန့်စင် နေခြင်းတို့ကို လည်းကောင်း၊ သပြေပင်ကျေးရွာ၌ ကျွဲနွား ၂၂၁ ကောင်ကိုလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးနှင့် အားဆေးများ ကွင်းဆင်းထိုးနှံနေမှုတို့ကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တင်ပြမှုများ အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။