ဒုံးတပ်ဖွဲ့က အမြဲတမ်း အသင့်ရှိကြောင်း ပြသလိုက်တဲ့ တရုတ်ရဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှု
တရုတ်နိုင်ငံရဲ့ ဒုံးတပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ တိုက်ချင်းပစ်ဒုံးကျည် တစ်မျိုးကို စမ်းသပ်ပစ်လွှတ်မှု လုပ်လိုက်ပါတယ်။ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်က ဘယ်လိုဒုံးကျည် အမျိုးအစားလဲဆိုတာ တရုတ်စစ်ဘက်က ထုတ်ပြန်ထားခြင်း မရှိပါဘူး။
ဒါပေမဲ့ စက်တင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ Dong Feng-31 ဒုံးကျည်ရဲ့ အမျိုးအစားကွဲ တစ်ခုဖြစ် မယ်လို့ စစ်ရေးသုတေသီတွေက လေ့လာသုံးသပ်ပြထားပါတယ်။ ဒီလိုဆိုရင် Dong Feng-31 (DF-31) ရဲ့ အကြောင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ ဘယ်လောက်အထိ သိရှိထားလဲဆိုတာကို အရင်ဆုံး ကြည့်ကြည့်လိုက်ရအောင်။
DF-31 ဆိုတာက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ပိုင်ဆိုင်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည် သုံးမျိုးအနက် တစ်မျိုးဖြစ်ပါတယ်။ တခြားသောအမျိုး အစားနှစ်မျိုးအနက် တစ်မျိုးက DF-5 ဖြစ်ပြီး သူ့ကို ၁၉၇၀ ပြည့်နှစ်အစောပိုင်း ကာလတွေမှာသုံးခဲ့တာပါ။ နောက်တစ်မျိုးကတော့ ပိုပြီးတော့ခေတ်မီတဲ့ DF-41 ဖြစ်ပါတယ်။
DF-31 ဒုံးကျည်ဟာ အဆင့်သုံးဆင့်ပါ ဒုံးကျည်မျိုး ဖြစ်ပြီး သူ့ကို ၂၀၀၆ ခုနှစ်မှာ ပထမဆုံးတပ်တော်ဝင် အသုံးပြုခဲ့တာပါ။ သူ့မှာ မျိုးကွဲအမျိုးမျိုး ရှိပါတယ်။ အဲဒီမျိုးကွဲတွေမှာ ထိပ်ဖူးတစ်ခုတည်းမှသည် ထိပ်ဖူး အများအပြားအထိ သယ်ဆောင်ကာ ပစ်မှတ်အမျိုးမျိုးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ပစ်ခတ်နိုင်စေမယ့် အထိပါဝင်ပါတယ်။
စက်တင်ဘာလ ၂၅ ရက်မှာလုပ်တဲ့ စမ်းသပ်ပစ်ခတ်မှုမှာ ဒုံးကျည်က ထိပ်ဖူးအတုကို သယ်သွားတာ ဖြစ်ပါတယ်။ ပစ်လွှတ်ရာနေရာကတော့ ဟိုင်နန်ကျွန်း ဖြစ်ပြီး ဒုံးကျည်က မိုင်ပေါင်း ၇၄၆၀ ကျော်ပျံသန်းကာ ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းရှိ ပြင်သစ်နိုင်ငံပိုင် မာ ကေးဇာ ကျွန်းစုအနီးကို ကျရောက်သွားတာ တွေ့ရပါတယ်။ ဒီလိုပျံသန်းစဉ်မှာလည်း ဖိလစ်ပိုင်နိုင်ငံနဲ့ ဂူအမ်ကျွန်းတို့အနီးကနေ ဖြတ်ကျော် ပျံသန်းသွားတာပါ။
အရင်တုန်းကဆိုရင် တရုတ်နိုင်ငံက သူ့ရဲ့လေပိုင်နက်ထဲမှာပဲ တိုက်ချင်းပစ်ဒုံးကျည်တွေကို စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ အခုလိုမျိုး နယ်နိမိတ်ပြင်ပ စမ်းသပ်ပစ်လွှတ်မှုကို လုပ်တာက ၄၄ နှစ်အတွင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံက သူတို့ရဲ့တာဝေး တိုက်ခိုက်မှုစွမ်းရည်ကို ပိုမိုတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး စမ်းသပ်မှုတွေ လုပ်တာဖြစ်နိုင်တယ်လို့ တရုတ်တပ်မတော်မှ လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်ဟောင်း ဖူကျန်းရှောင်က မှတ် ချက်ပြုထားပါတယ်။
"DF-31 တွေက လေထုအထက်ကနေပြီး ကမ္ဘာ့တိုက်ကြီးများကို ဖြတ်ကျော်ပျံသန်းနိုင်စွမ်းရှိတဲ့ ဒုံးကျည်ဖြစ်ပေမယ့်လည်း သူ့ရဲ့ရောက်ရှိနိုင်တဲ့ အကွာ အဝေးကို ဘယ်တုန်းကမှ မစမ်းသပ်ခဲ့ဖူးတဲ့အတွက် ဒီစမ်းသပ်မှုက မဖြစ်မနေ လိုအပ်တဲ့အရာဖြစ်ပါတယ်" ဟု ဖူကျန်းရှောင်ကပြောပါတယ်။
DF-31 မှာ မျိုးကွဲနှစ်မျိုးရှိပါတယ်။ DF-31A နဲ့ DF-31AG ဆိုပြီးတော့ပါ။ သူတို့အားလုံးက မိုင်ပေါင်း ၈၂၀၀ အထိပျံသန်းနိုင်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံကနေ ပစ်ခတ်လိုက်မယ်ဆိုရင် အမေရိကန်ပြည်မထဲ အထိကို ရောက်ရှိနိုင်တဲ့ အကွာအဝေးပါ။
DF-31AG မှာတော့ ဘယ်လိုကြမ်းတမ်းတဲ့ မြေနေရာမျိုးကိုမဆို သွားလာနိုင်ပြီး ပစ်ခတ်နိုင်တဲ့ရွေ့လျား ပစ်ခတ်မှုစနစ် ပါဝင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်ရှိတဲ့အတွက် ရန်သူ့ဒုံးကျည် ကာကွယ်ရေးစနစ်တွေက DF-31 ရဲ့ထိပ်ဖူးတွေ ဘယ်နေရာ ကျရောက်နိုင်တယ် ဆိုတာ မခန့်မှန်းနိုင်တော့ပါဘူး။ အကြောင်းရင်းကတော့ ဘယ်နေရာကနေ စတင်ပစ်ခတ်လိုက်တယ်ဆိုတာကို အလွယ်တကူ မရှာဖွေနိုင်လို့ပါပဲ။
ဒါကြောင့် ပြီးခဲ့တဲ့စမ်းသပ်မှုမှာ ပစ်လွှတ်လိုက်တဲ့ဒုံးကျည်က DF-31AG ဖြစ်နိုင်တယ်လို့ သုတေသီတွေက သုံးသပ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ အနေနဲ့ရောက်ရှိတဲ့ အကွာအဝေးနဲ့ ထုတ်ပြန်လာတဲ့ ဓာတ်ပုံများကို နှိုင်းယှဉ်သုံးသပ်နိုင်ခြင်းကြောင့်ပါ။
"DF-31AG က ရွေ့လျား ပစ်ခတ်မှုစနစ်ပေါ့။ အဓိကအားဖြင့် လမ်းကြမ်းသွား ပစ်ခတ်မှုစနစ်ပါ။ DF-41 နဲ့မတူပါဘူး။ DF-41 က သာမန်လမ်းကြောင်း ကွန် ရက်တွေပေါ်မှာသာ သွားနိုင်တာပါ။ ပြီးတော့ DF-31AG က ထိပ်ဖူးအများအပြားကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်" ဟု ဩစတြေးလျ မဟာဗျူဟာမူဝါဒဌာနမှ အကြီးတန်း သုတေသီက ပြောထားပါတယ်။
DF-31AG ကို ၂၀၁၇ ခုနှစ်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်မှုနှစ် (၉၀) ပြည့် စစ်ရေးပြ အခမ်းအနားမှာ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့တာကို တွေ့ရပါတယ်။
တရုတ်တပ်မတော် ဒုံးတပ်ဖွဲ့မှာ DF-31AG တပ်မ သုံးခုရှိပါတယ်။ ဒုံးပစ်လောင်ချာ စုစုပေါင်းက ၃၆ ခုပါ။ တပ်မတွေရဲ့အခြေစိုက်နေရာက နိုင်ငံအနောက် မြောက်ပိုင်း ကန်းစုပြည်နယ်၊ နိုင်ငံအလယ်ပိုင်းရှိ ဟူနန်ပြည်နယ်နဲ့ ဟေနန်ပြည်နယ် တို့မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နျူကလီးယား လက်နက်များကို အသုံးပြုနိုင်မှု လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ထုတ်ပြန်ချက်အရ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဒုံးတပ်ဖွဲ့မှာ ၂၀၂၂ ခုနှစ်တုန်းက တိုက်ချင်းပစ်ဒုံးကျည် အရေအတွက် ၃၅၀ ဝန်းကျင် ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒုံးပစ်လောင်ချာတွေကို ထုတ်လုပ်မှုကလည်း နှစ်ဆတိုးတက်လာပြီး ဆက်လက်တိုးတက် ထုတ်လုပ်မှုတွေ လုပ်နေတယ်လို့လည်း ဆိုထားပါတယ်။
စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန ဌာနရဲ့ မကြာသေးမီကထုတ်ပြန်တဲ့ ထုတ်ပြန်ချက် ထဲမှာတော့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့နှစ်မှာ တိုက်ချင်း ပစ်ဒုံးကျည်များအတွက် ထိပ်ဖူးအရေအတွက် ၉၀ ကို ထပ်မံထုတ်လုပ်နိုင်တာကြောင့် လက်ရှိမှာဒုံးကျည်ထိပ်ဖူးအရေအတွက်စုစုပေါင်း ၅၀၀ အထိရှိလာပြီလို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် ၁၀ နှစ်အတွင်းမှာဆို ရင် တရုတ်နိုင်ငံအနေနဲ့ပိုင်ဆိုင်တဲ့ တိုက်ချင်းပစ်ဒုံး ကျည်အရေအတွက် စုစုပေါင်းက ရုရှားနဲ့အမေရိကန် တို့ကိုပင်ကျော်တက် သွားနိုင်တယ်လို့ စတော့ဟုမ်း အဖွဲ့ကခန့်မှန်းထားပါတယ်။
အခုဆိုရင် တရုတ်တပ်မတော် ဒုံးတပ်ဖွဲ့ကစမ်းသပ်ပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးကျည်နဲ့ ပတ်သက်လို့ တော်တော်လေး သိသွားလောက်ပါပြီ။ ဆက် လက်ပြီးတော့ ဒီလိုမျိုး ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို လုပ်ဆောင်ရတဲ့ အဓိ ကည်ရွယ်ချက်ကို တင်ပြသွားပါမယ်။
တရုတ်နိုင်ငံက ဒီလိုမျိုးစမ်းသပ် ပစ်လွှတ်မှုမလုပ်မီ အမေရိကန်အပါအဝင် ဒုံးကျည်ပျံသန်းရာ လမ်းတစ်လျှောက်ရှိ နိုင်ငံတွေကိုကြိုတင် အသိပေးအကြောင်း ကြားမှု လုပ်ခဲ့ပါတယ်။ ဒါကဘာကိုပြသနေလဲဆိုရင် သူတို့အနေနဲ့ ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်ဖို့အတွက် ဒီလိုမျိုးစမ်းသပ် ပစ်လွှတ်မှုလုပ်ဆောင်တာ မဟုတ် ဘူးဆိုတဲ့ စိတ်ရင်းကိုပြသနေပါတယ်။
နောက်တစ်ချက်က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ ဘယ်လိုပင်ဌာနတွင်း ပြဿနာအချို့ရှိလင့်ကစား ဒုံးတပ်ဖွဲ့တစ်ဖွဲ့လုံး အနေနဲ့ကတော့ ဘယ်အချိန်မှာမဆို တိုက်ပွဲဝင်ဖို့ အတွက်အမြဲတမ်း အသင့်ရှိနေတယ်ဆိုတဲ့ အကြောင်း ပြသလိုက်တာဖြစ်တယ်လို့ ဆိုနိုင်ကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။