အထူးမိုးလေဝသသတင်း

 

အထူးမိုးလေဝသသတင်း

 

နေပြည်တော် စက်တင်ဘာ ၂၈

      မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ   စက်တင်ဘာလ   ၂၈   ရက် ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်သည့် အထူးမိုးလေဝသ သတင်းအနေဖြင့်   အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့် လည်းကောင်း၊     ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ     လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်     လည်းကောင်း အောက်တိုဘာလ ၁ ရက်မှ ၅ ရက်အတွင်း နေပြည်တော်၊   စစ်ကိုင်းတိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသကြီး၊    မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊   ရခိုင်ပြည်နယ်၊   ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်   နေရာစိပ်စိပ်မှ   နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး    အချို့ဒေသများတွင်  ဒေသအလိုက်နှင့် နေရာကွက်၍  မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

    သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ  လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊   မိုးသီးကြွေခြင်း၊  လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့်  မြေပြိုမှုအန္တရာယ်၊  မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့်   ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်  သတိပေးနှိုးဆော်ထားကြောင်း   မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။                

Dates: 
Sunday, September 29, 2024 - 13:41