ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံ့တာဝန်
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာသက်ဝင်ကြောင်း ကြေညာခဲ့သည်။ ဥပဒေသတ်မှတ် ကြေညာလိုက်သည့်အခါ နိုင်ငံတော်အတွက် တိုင်းပြည်ချစ်သူ လူငယ်လူရွယ်များအနေဖြင့် အထူးပင်နှစ်ခြိုက် သဘောကျခဲ့ကြသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အကျိုးခံစားခွင့် အားလုံးနီးပါးမှာ အမြဲတမ်းစစ်မှုထမ်းများနှင့် အလွန်အမင်း ကွာခြားလှသည်မဟုတ်ပေ။ မိမိ၏ဖြစ်တည်မှုကို အကျိုးရှိစွာမြှင့်တင်လိုသူတိုင်း၊ မိမိနိုင်ငံ၏ တန်ဖိုးကိုမြှင့်တင်လိုသူတိုင်း ပြည်သူ့စစ်မှုထမ်းအဖြစ် စိတ်အားထက်သန်စွာ စာရင်းပေးသွင်းလျက်ရှိကြသည်။
မြန်မာနိုင်ငံသည်လွတ်လပ်ရေး ဆုံးရှုံးမှုအတွေ့အကြုံ ရှိထားသည့်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်လာလျှင် ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဆိုသည့် နိုင်ငံတော်သီချင်း စာသားကဲ့သို့ပင် ဘိုးဘွားအမွေအနှစ်မို့ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မျိုးဆက်တိုင်း၏ မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။
ထိုတာဝန်အပေါ်ထမ်းဆောင်ရန် ပျက်ကွက်ပါက နိုင်ငံတော်၏ အချုပ်အခြာအာဏာတို့ ဆုံးရှုံးသွားမည့်အပြင် မိမိတို့ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှုတို့လည်း ကွယ်ပျောက်သွားမည်ဖြစ်သည်။ နိုင်ငံတော်၏ ကောင်းကျိုးကို ညီညာစွာထမ်းဆောင်ကြမှသာ မြန်မာနိုင်ငံသည် အဖိုးတန်မြေအဖြစ် ကမ္ဘာတွင်ဝင့်ကြွားစွာ ရပ်တည်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏သမိုင်းကို ပြန်ပြောင်းလေ့လာတိုင်း အဓိကတွေ့ရှိရသည်မှာ ကာကွယ်ရေးအင်အားဖြစ်သည်။ ကာကွယ်ရေးအင်အာ းတောင့်တင်းခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားခြင်းပင် ဖြစ်ပါသည်။
နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ရှိသည့်အပေါ်တွင် များစွာမှီတည်သည်။ ထိုအရာများရှိနေစေရေး အတွက်လည်း ကာကွယ်ရေးကဏ္ဍသည် အဓိကကျလှသည်။ နိုင်ငံတော် ကာကွယ်ရေးသည် နိုင်ငံအတွင်းမှီတင်း နေထိုင်လျက်ရှိသည့် အရွယ်ရောက်သူမှန်သမျှ၏မွေးရာပါ တာဝန်ဖြစ်သည်။ ဤအချက်သည်မျိုးဆက်သစ်တို့၏ စိတ်တွင်စွဲမှတ်ထားရမည့် စိတ်ဓာတ်ဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် တစည်းတလုံးတည်းရှိသော တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် မရှိမဖြစ် လိုအပ်လှသည်။ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုမရှိပါက နိုင်ငံတော်သည် အကွဲကွဲအပြားပြား ဖြစ်သွားနိုင်ပြီး ပြိုကွဲသွားနိုင်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တပ်မတော်သားတို့၏ အမျိုးသားနိုင်ငံရေး တာဝန်အဖြစ် သတ်မှတ်ထားသကဲ့သို့ ပြည်သူများအနေဖြင့်လည်း အဆိုပါဒို့တာဝန်အရေးသုံးပါးကို အလေးအနက်ထားကာ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူကြရမည်ဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျရာနေရာမှ ထမ်းဆောင်ရန်အတွက် တပ်မတော်သို့ ဝင်ရောက်လာကြသူများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ မိမိတို့၏ကိုယ်ပိုင်ဆန္ဒ သဘောထားများဖြင့် တပ်မတော်သို့ ဝင်ရောက်ကာ စစ်မှုထမ်းနေကြသူများဖြစ်သည်။ အဆိုပါတပ်မတော်သားတို့၏ စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုတို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူ၍ တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ နိုင်ငံတကာတွင် ဖြစ်ပျက်နေသော အတွေ့အကြုံများအရ မျက်မှောက်ခေတ် စစ်ပွဲအသွင်သဏ္ဌာန်မှာ ဘက်စုံစစ်ပွဲအသွင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများက အင်အားနည်းသည့် နိုင်ငံများအပေါ် ဘက်စုံစစ်ပွဲ အသွင်ဆင်နွှဲလျက်ရှိသည်။
ဘက်စုံစစ်ပွဲအသွင်ဆိုသည်မှာ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရားရေးနည်း၊ ဝါဒဖြန့်ချိရေးနည်း၊ သံတမန်နည်းနှင့် စစ်ရေးနည်းတို့ဖြစ်သည်။ ဘက်စုံစစ်ပွဲ အသွင်သဏ္ဌာန်ဖြစ်ပေါ်လာသည့် အတွက် တိုင်းရင်းသားအားလုံး သို့မဟုတ် နိုင်ငံအတွင်း မှီတင်းနေထိုင်သူ အားလုံးက အသိ၊ သတိရှိနေကြရမည်ဖြစ်သည်။ ထိုသို့အသိ၊ သတိရှိနေရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တည်နေရာပထဝီ အနေအထားအရ လည်းကောင်း၊ ကမ္ဘာ့အခြေအနေများအရ လည်းကောင်း မိမိတို့နိုင်ငံကို မိမိတို့မဖြစ်မနေ ကာကွယ်ရမည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၃ တွင် "နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-(က)ပြည်ထောင်စုမပြိုကွဲရေး၊ (ခ)တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး "ဟူ၍ ပြဋ္ဌာန်းထားသည်။ ထို့အတူပုဒ်မ ၃၈၅ တွင် "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်" ဟူ၍ ပြဋ္ဌာန်းထားသည်။
မိမိတို့နိုင်ငံကိုမိမိတို့ ကာကွယ်ခြင်းမှာ အလွန်ဂုဏ်ယူဖွယ်ကောင်းသည့် တာဝန်ကိုထမ်းဆောင်ခြင်းလည်း ဖြစ်ပေရာ လူငယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေသတ်မှတ်ချက်များ အတိုင်း လိုက်ပါဆောင်ရွက်ခြင်းမှာ ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံ့တာဝန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။