နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့၌ ရေဘေးသင့်ပြည်သူများအား အထူးကု ကွင်းဆင်းကုသမှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုအားပေး
နေပြည်တော် စက်တင်ဘာ ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် - ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ ပုဗ္ဗသီရိမြို့နယ်-ခါးပြတ် ကျေးရွာရှိ အောင်စည်သာ ဘုန်းတော်ကြီးကျောင်းနှင့် တပ်ကုန်းမြို့နယ်- ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာနတို့သို့ သွားရောက်၍ သမားတော်၊ ခွဲစိတ်၊ အရေပြား၊ ကလေး၊ အရိုး၊ စိတ်ရောဂါ အထူးကုဆရာဝန်ကြီးများ၏ ရေဘေးသင့် ပြည်သူများအား ကွင်းဆင်း ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။
ခရီးစဉ်တွင် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ ကလေးရောဂါအထူးကု ဆေးရုံကြီး-နေပြည်တော်၊ အရိုးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီး - ရန်ကုန်တို့မှ အထူးကုဆရာဝန်ကြီးများ ဦးဆောင်၍ လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တို့မှ အထူးကုဆရာဝန်များ ဦးဆောင်၍ လည်းကောင်း၊ တပ်ကုန်းမြို့နယ် - ညောင်လွန့်ကျေးလက်ကျန်းမာရေး ဌာန၌ ပြည်သူ့ဆေးရုံ တပ်ကုန်းမြို့မှ အထူးကုဆရာဝန်များ ဦးဆောင်သော အဖွဲ့က လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အထူးကုကွင်းဆင်း ဆေးကုသရေး အစီအစဉ်သို့ လာရောက်ပြသကြသော ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ အစားအစာနှင့်ဆေးဝါးများ ထောက်ပံ့လှူဒါန်းသည်။
ထို့နောက် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရသည့် ဇေယျာသီရိမြို့နယ် စည်ပင်သာယာ ကျေးလက် ကျန်းမာရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့် ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ငွေကျပ် ၁၁၇ သိန်း ထောက်ပံ့ ပေးအပ်သည်။
ဆက်လက်၍ တပ်ကုန်းမြို့နယ် မကျီးပင် ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး သောက်ရေသန့်များတွင် ရေသန့်ဆေးပြားများ ခတ်ခြင်း၊ သုံးရေများတွင် ကလိုရင်းဆေးခတ်ခြင်း ဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင် သန့်ရှင်းရေး ပိုးသတ်သန့်စင် ဆေးဖျန်းနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ် - သိမ်ကုန်းကျေးရွာ ဇီးတောဘုန်းကြီးကျောင်းသို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး (မိတ္ထီလာမြို့)နှင့် ခရိုင်ပြည်သူ့ဆေးရုံ(ရမည်းသင်းမြို့)တို့မှ အထူးကုဆရာဝန်ကြီးများက ရမည်းသင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ အား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊ ပျော်ဘွယ်မြို့နယ် အရှေ့လျှော်ဖြူကုန်းကျေးရွာ မြို့ဦးဇေတဝန်တောင်ကျောင်း၌ ပြည်သူ့ဆေးရုံကြီး (ပြင်ဦးလွင်မြို့)မှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊ ပြည်သူ့ဆေးရုံ (တပ်ကုန်းမြို့)ရှိ ပျက်စီးသွားသော ဆေးရုံသုံးစက်ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုပြီး လူနာများအတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့သည့် အတွက် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြသော ကုသရေးဦးစီးဌာနမှ အင်ဂျင်နီယာများကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ယခုကဲ့သို့ ရေဘေးသင့်မြို့နယ်များသို့ သွားရောက်ကာ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြသော နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ကလေးရောဂါ အထူးကုဆေးရုံကြီး-နေပြည်တော်၊ အရိုးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီး-ရန်ကုန်၊ ပြည်သူ့ဆေးရုံကြီး မိတ္ထီလာမြို့၊ ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၃၀၀)၊ ခရိုင်ပြည်သူ့ဆေးရုံ ရမည်းသင်းမြို့တို့မှ အထူးကုဆရာဝန်ကြီးများ ဦးဆောင်သော အဖွဲ့သည် လာရောက်ပြသခဲ့သော လူနာစုစုပေါင်း ၁၄၈၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရသည့် ရေဘေးသင့်မြို့နယ် ၄၉ မြို့နယ်သို့ အထူးကုဆေးကုသရေး အဖွဲ့များ စေလွှတ်ခဲ့ပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရေဘေးသင့်ပြည်သူ စုစုပေါင်း ၃၄၄၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။