သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများအောင်မြင်စွာ တူးဖော်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
နေပြည်တော် မေ ၃၀
သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများအောင်မြင်စွာ တူးဖော်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ရေနံမြေဒေသအသီးသီး၏ လုပ်ငန်းတိုးတက်မှု အခြေအနေများ သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို စီမံဆောင်ရွက်လျက်ရှိရာ သက်တမ်းရင့် ရေနံမြေများတွင် ပေနက်တွင်းများတူးဖော်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရယူရခြင်းသည် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ ရေနံထုတ်လုပ်မှုသမိုင်းကြောင်းတွင် မြေအောက်၌ နက်ရှိုင်းစွာတည်ရှိနေသည့် အလားအလာကောင်းသော ဟိုက်ဒရိုကာဗွန်ပါဝင်သည့်သဲကြောများသို့ ရောက်ရှိသည်အထိ အောင်မြင်စွာတူးဖော်နိုင်ခြင်း မရှိသည့်အတွက် ထုတ်လုပ်နိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင်တူးဖော်မည့် တွင်းသစ် ၂ တွင်းသည် ရေနံထွက်ရှိရန် အတည်ပြုထားပြီးဖြစ်သည့် ပေနက်သဲကြောဖြစ်၍ ရည်မှန်းချက်အနက်ထိရောက်ရှိအောင်တူးဖော်ပြီး သမိုင်းမှတ်တိုင်သစ်စိုက်ထူရန် ကြိုးစားကြစေလိုကြောင်း၊ တူးဖော်မည့်တွင်းသစ် ၂ တွင်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်တိုင်တူးဖော်၍ MPRL E&P Companyမှ နည်းပညာနှင့်အတွေ့အကြုံများ မျှဝေကူညီပေးမည်ဖြစ်၍ မြန်မာနိုင်ငံသားများ ကိုယ်တိုင် ကြိုးစားဆောင်ရွက်ကြမည်ဖြစ်ရာ လုပ်ငန်းအပေါ်တွင် တန်ဖိုးထား ဂုဏ်ယူသည့်စိတ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် MPRL E&P Company နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပညာရှင်များက ပေနက်တွင်းများ တူးဖော်ခြင်းနှင့်စပ်လျဉ်း၍ နည်းပညာများနှင့် အတွေ့အကြုံများအား တင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသူများက တူးဖော်မည့် ပေနက်တွင်းများအတွက် ပြုလုပ်ထားသည့် Design၊ တွေ့ကြုံရနိုင်သည့် အခက်အခဲများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ရေနံမြေအသီးသီးမှ အထွေထွေမန်နေဂျာများက လက်ရှိထုတ်လုပ်နေမှုနှင့် တိုးတက်ထုတ်လုပ်ရန် သုတေသနပြုအောင်မြင်မှုများကို တင်ပြ ခြင်း၊ နည်းပညာအသုံးပြု၍ဆောင်ရွက်နေမှု များကိုတင်ပြခြင်း၊ လုပ်ငန်းအတွေ့အကြုံများမျှဝေခြင်း၊ ဆောင်ရွက်သွားမည့် အစီအမံများနှင့် အခက်အခဲများ တင်ပြခြင်းများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ MPRL E&P Companyမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။