တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်
နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ ၃၀ ရက်
၂၀၂၄ခုနှစ်၊တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက် ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊တပ်မတော်(ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စစ်ကြောရေး နှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များ ကစားကြပြီး လူသစ်တန်းပြိုင်ပွဲ တစ်ဦးချင်းဆုတံဆိပ်များ၊ လူသစ်တန်းအကောင်းဆုံး အားကစား သမားဆုများအား ဗိုလ်မှူးကြီး ကျော်စွာထွန်း က လည်းကောင်း၊ အကြီးတန်း ပြိုင်ပွဲတစ်ဦးချင်း ဆုတံဆိပ်များ၊ အကြီးတန်းအကောင်းဆုံး အားကစားသမားဆုများအား နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချူပ် ကျော်စိုးဦး က လည်းကောင်း၊ လူသစ်တန်းဒိုင်းဆု၊ အကြီးတန်းဒိုင်းဆုနှင့် တံခွန်စိုက်ဒိုင်းဆုကြီးအား ဗိုလ်ချုပ် သက်ထွန်းဦး တို့က လည်းကောင်း အသီးသီး ဆုများချီးမြှင့်ကြသည်။
အလားတူ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲ၊ တန်းမြင့်ခုန်ပြိုင်ပွဲ၊ တန်းကျော်ပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားဝိုင်းပစ်ပြိုင်ပွဲ၊ တုတ်ထောက်ခုန်ပြိုင်ပွဲ ၊ အလျားခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ ၊ ဗိုလ်လုပွဲများကို အသီးသီးယှဉ်ပြိုင်ကစားပြီး အားကစား အမျိုး အစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် ပြေးခုန်ပစ်ကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)တွင် အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက်အတိုတ် ရှုံးထွက်ပွဲစဉ်များ၊ ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့် ဗိုလ်လုပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ကစားပြီး အားကစား အမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် ဂျူဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြ သည်။
တပ်မတော်(ကြည်း၊ရေ၊လေ) အမျိုးသား/ အမျိုးသမီးဘော်လီဘော်ပြိုင်ပွဲကို ဇေယျာသီရိ အားကစား ရုံ(B)တွင် အမျိုးသား ကွာတားအဆင့်ပတ်လည်ပွဲစဉ်များကို လည်းကောင်း၊ အမျိုးသား/အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(C)၌ လည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလားဘောလုံးပြိုင်ပွဲအဖြစ် ညနေပိုင်းတွင် လေ့ကျင့် ရေးကွင်း(၁)၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် နေပြည်တော်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြု အသင်းနှင့် အရှေပိုင်းတိုင်းစစ်ဌာနချူပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နေပြည်တော်တိုင်းစစ်ဌာ နချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် လည်း ကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ကာကွယ် ရေးဦးစီးချူပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးအသင်းက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအသင်းကို ၄ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။