ပြည်သူ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်)
မြန်မာနိုင်ငံတွင် တပ်မတော်ကဲ့သို့မရှိမဖြစ်သော အဖွဲ့အစည်းတစ်ခုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရဲတပ်ရင်း ၂၁ ရင်း စတင်ဖွဲ့စည်းခဲ့သည်။ ရဲတပ်ဖွဲ့၏အမည်များနှင့် ပတ်သက်၍ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် လည်းကောင်း၊ ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် လည်းကောင်း သတ်မှတ်ခေါ်ဝေါ်ခဲ့ရာ ယနေ့တိုင် သတ်မှတ်ထားသည့် အမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၁ ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာ တည်တံ့ရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဒီမိုကရေစီစနစ်ခိုင်မာ တည်တံ့ရေးတွင် ပါဝင်ဆောင်ရွက်နေရသည်။ ဒီမိုကရေစီခေတ် ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ကြရာ၌ ဒီမိုကရေစီလူ့ဘောင် အဖွဲ့အစည်းအတွက် လူ့အခွင့်အရေးနှင့် နိုင်ငံသားအားလုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးကို ဥပဒေနှင့် အညီ ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် တိုးတက်ပြောင်းလဲနေသည့် မျက်မှောက်ခေတ်ကာလတွင် ပြည်သူများ ဘဝအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး စသည့်ရည်မှန်းချက်တာဝန်(၄)ရပ်ကို အလေးထားအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူနှင့်အတူ လက်တွဲပြီး ထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက် နေကြရသကဲ့သို့ နယ်စပ်ဒေသများတွင်ပါ လုံခြုံရေးကို ဆောင်ရွက်နေရခြင်းဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိနေရမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရေးတို့သည်လည်း မဖြစ်မနေ ဆောင်ရွက်ရမည့် တာဝန်များဖြစ်သည်။
လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်တွင် ပါရှိသည့် ‘‘နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်’’ ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူအတွင်းမှ မွေးဖွားလာသော သားသမီးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ပြည်သူ့အကျိုးသယ်ပိုး ဆောင်ရွက်မည့်တပ်ဖွဲ့ဖြစ်ပေရာ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ အသွင်သဏ္ဌာန်နှင့် အနှစ်သာရများ ပြောင်းလဲတိုးတက် လာပြီဖြစ်သည်။
ခေတ်မီနည်းပညာများ တိုးတက်မှုနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်ကိုလည်း မြင့်မားစေရန် လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက်ရှိသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့်အဖွဲ့အစည်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးနေခြင်းမှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်မြင့်မား အေးချမ်းရေးအတွက်ဖြစ်သည်။ တရားဥပဒေဘောင်အတွင်း နေထိုင်ကြသော ပြည်သူလူထုကို လေးစား ချစ်ခင်သကဲ့သို့ ဥပဒေပြင်ပ လှုပ်ရှားနေသူများကိုလည်း ဖော်ထုတ် အရေးယူလျက်ရှိသည်။ဖော်ထုတ်အရေးယူနိုင်မှုများမှာလည်း အားရဖွယ်ကောင်းလှသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ၂၁ ရာစုကာလတွင် အဓိကခြိမ်းခြောက်လာသည့် မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ အကြမ်းဖက် လူသတ်ဓားပြတိုက်မှုများ၊ လူကုန်ကူးမှုများ၊ သက်ငယ်မုဒိမ်းမှုများ၊ ယာဉ်မတော်တဆမှုများ၊ တရားမဝင် ကုန်သွယ်မှုများ အစရှိသည်တို့ကို တားဆီးကာကွယ် ဖော်ထုတ်လျက်ရှိသည်။ မှုခင်းများစွာမှာ နိုင်ငံဖြတ်ကျော် မှုခင်းများဖြစ်သည့်အတွက် ၂ဝဝ၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့တွင် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် နောက်ဆက်တွဲ စာချုပ်များ လက်မှတ်ရေးထိုးကာ နိုင်ငံတကာနှင့်အနီးကပ် ချိတ်ဆက်ပူးပေါင်း ဖော်ထုတ်လျက်ရှိသည်။
ဒီမိုကရေစီခေတ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေး အတွက် မှုခင်းတိုက်ဖျက်သူများ အဖြစ်သာမက လူ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်ပေးသူများ၊ နိုင်ငံသားများ အားလုံးဘေးကင်း လုံခြုံငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် နေ့/ညမပြတ် စောင့်ရှောက်ပေးရသူများ၊ ‘‘ကူညီပါရစေ’’ ဆောင်ပုဒ်အတိုင်း ပြည်သူကိုကူညီရန် အမြဲအသင့်ဖြစ်နေကြသူများဖြစ်ကြသည်။ ဒီမိုကရေစီထွန်းကားရေး အတွက်ဆိုလျှင် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ် လိုအပ်နေပြီဖြစ်သည်။ နိုင်ငံအဝန်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတစ်ရပ်လုံးကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ရဲနှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲ၍ တိုင်းပြည်လုံခြုံရေးကို ထိပါးမည့် အဖျက်သမားများကို အပြီးတိုင် တိုက်ဖျက်ချေမှုန်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။