တညင်းကုန်း လက်ကားဈေးကြီးတွင် ကုန်တင်ယာဉ်များ ပုံမှန်ပြန်လည်၀င်ရောက်ကာ ကုန်ပစ္စည်းများကိုလည်း ‌ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

 

တညင်းကုန်း လက်ကားဈေးကြီးတွင် ကုန်တင်ယာဉ်များ ပုံမှန်ပြန်လည်၀င်ရောက်ကာ ကုန်ပစ္စည်းများကိုလည်း ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

 

ရန်ကုန်  စက်တင်ဘာ  ၃၀

    ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီးတွင် အနယ်နယ်အရပ်ရပ်မှ  ကုန်တင်ယာဉ်များ   ပုံမှန်အတိုင်း   ပြန်လည်၀င်ရောက်ကာ  ကုန်ပစ္စည်းများကိုလည်း ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက် ရှိကြောင်း တညင်းကုန်း လက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနမှ သိရသည်။

လက်ရှိ   တညင်းကုန်းလက်ကား ဈေးကြီးရှိ ဈေးရုံပေါင်း ငါးရုံ၌ စုစုပေါင်းဆိုင်ခန်း  ၇၆၀၀  ကျော်ရှိသည့်အနက် ၇၄၀၀ ခန့် ငှားရမ်းထားပြီဖြစ်ကာ အဆိုပါ ဆိုင်ခန်းများတွင်  လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊    မီးဖိုချောင် သုံး ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး စသည့် ကုန်မျိုးစုံ၊ ကုန်ခြောက်မျိုးစုံ၊ ရာသီပေါ်သစ်သီး၀လံများနှင့် သားငါးများကို ဈေးနှုန်းချိုသာစွာ    လက်လီလက်ကား ရောင်းချပေးလျက်ရှိသည်။

"နိုင်ငံတစ်၀န်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေး အခက်အခဲတွေကြောင့် တညင်းကုန်းလက်ကားဈေးကြီးကို   ရက်အနည်းငယ်လောက် ကုန်တင်ယာဉ်တွေ  ဝင်ရောက်တာနည်းသွားသလို ကုန်ပစ္စည်းတွေလည်း အနည်းငယ် အဝင်လျော့သွားခဲ့တယ်။ အခုတော့ ကုန်တင်ယာဉ်တွေလည်း ပုံမှန်အတိုင်း  ပြန်လည်ဝင်ရောက်နေသလို   ကုန်ပစ္စည်းတွေကိုလည်း ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချနေကြပါတယ်။ လက်ရှိမှာ ကုန်တင်ယာဉ်အများအပြား ဝင်ထွက်နေ ပါတယ်" ဟု  တညင်းကုန်းလက်ကားဈေးကြီးမှ  ဒုတိယအထွေထွေ မန်နေဂျာ ဦးရဲထွန်း ကပြောသည်။

တညင်းကုန်းလက်ကားဈေးကြီးတွင် ဈေးအတွင်း နေရာအနှံ့အပြား၌ လုံခြုံရေး ကင်မရာများ   တပ်ဆင်ခြင်း၊  ၂၄ နာရီ လျှပ်စစ်မီးရရှိစေရန်   ဆောင်ရွက်ခြင်း၊  ဈေးသို့  လာရောက်ကြသူများအတွက် စားသောက်ဆိုင်များနှင့်  အများသုံး သန့်စင်ခန်းများ    ဖွင့်လှစ်ခြင်းတို့ဆောင်ရွက်ပေးထားသည်။

ထို့ပြင် မြန်မာနိုင်ငံအနှံ့မှ ရန်ကုန်မြို့သို့ လာရောက်၍ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ကြသော ၁၀ ဘီးကား၊ ၁၂ ဘီးကား၊ တွဲကား  စသည့်ကုန်တင်ယာဉ် အမျိုးမျိုး လုံခြုံစိတ်ချစွာ   ညအိပ်ရပ်နားနိုင်စေရန် တညင်းကုန်းလက်ကား ဈေးဝင်းအတွင်း  ယာဉ်ရပ်နားစခန်းကို   ဖွင့်လှစ်ထားပြီး  လာရောက်ရပ်နားသော   ကုန်တင်ယာဉ်များအတွက် လုံခြုံရေးပိုင်းကိုလည်း ဂရုတစိုက်    ဆောင်ရွက်ပေးလျက် ရှိကြောင်း  သိရသည်။