ကျိုက်လတ်မြို့နယ်၌ တီလားဗီးယားငါးများ အရောင်းအဝယ် ကောင်းမွန်နေ

 

ကျိုက်လတ်မြို့နယ်၌ တီလားဗီးယားငါးများ အရောင်းအဝယ် ကောင်းမွန်နေ

 

ကျိုက်လတ် စက်တင်ဘာ ၃၀

    ဧရာဝတီတိုင်းဒေသကြီး  ကျိုက်လတ်မြို့နယ်၌  ဒေသထွက် တီလားဗီးယားငါးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း  ကျိုက်လတ်မြို့နယ်  ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ    ဒေါ်သက်သက်၏ ပြောပြချက်အရ သိရသည်။   

ကျိုက်လတ်မြို့နယ်   အသား၊ ငါးဈေးကွက်၌ စက်တင်ဘာလ တတိယပတ်မှစ၍ ဒေသထွက် တီလားဗီးယားငါးများ ဝယ်ယူမှု အားကောင်းပြီး  တစ်ရက်လျှင်  ပိဿာချိန် ၃၀ မှ ၅၀ အထိအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

''ကျိုက်လတ်မြို့နယ်ကနေထွက်ရှိတဲ့ ရေထွက်ကုန်တွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြည်တွင်းစားသုံးမှု အားကောင်းလာလို့  အခုလို   တီလားဗီးယားငါးတွေ  အရောင်း အဝယ်ကောင်း နေတာပါ။ အရောင်းအဝယ်ကောင်းနေတာကြောင့်   မွေးမြူသူတွေလည်း ငါးအကောင်ရေ ထပ်တိုးပြီး မွေးမြူလာတာတွေ့ရပါတယ်။ ငါးဈေးနှုန်းကတော့   ပုံမှန်အနေအထားမှာပဲ ရှိပါတယ်"ဟု ဒေါ်သက်သက် ကပြောသည်။   

ကျိုက်လတ်မြို့နယ်မှ  သဘာဝအတိုင်း ဖမ်းယူရရှိသည့်    တီလားဗီးယားငါး အပြင် မွေးမြူရေးတီလားဗီးယား ငါးများလည်း ထွက်ရှိကြောင်း၊ အဆိုပါတီလား ဗီးယားငါး မွေးမြူရာတွင် သက်တမ်းအားဖြင့်    သုံးလခန့် မွေးမြူရကြောင်း သိရသည်။