၂၀၂၄ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

၂၀၂၄ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၃၀

    ၂၀၂၄ ခုနှစ်  ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)  Meeting  Hall  ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊  ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊   မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊   မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ ဆေးရုံများမှ   ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက  နှစ်စဉ်စက်တင်ဘာလ  ၂၉ ရက်တွင် ကျရောက်သည့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့တွင် ဗဟို၊ တိုင်းဒေသကြီး၊  ပြည်နယ်နှင့် မြို့နယ်များတွင်    အထိမ်းအမှတ် အခမ်းအနားများ၊ လှုပ်ရှားမှု များကို ကျင်းပပြီး ပြည်သူလူထုအတွင်း နှလုံးကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာ မြင့်မားစေရေးအတွက်    ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ  “Use Heart for Action” ဖြစ်ပြီး “နှလုံးအစဉ် ကျန်းမာဖို့ သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့”ဟု မြန်မာဘာသာပြန်ဆိုထားပြီး ပြည်သူလူထုအတွင်း မိမိတို့ နှလုံးကျန်းမာရေး အတွက် အသိဉာဏ်ဖြင့်ဆင်ခြင်ပြီး ရောဂါမဖြစ်အောင် အစဉ်သတိဖြင့် စောင့်ရှောက်နေထိုင်သွားရန်နှင့် မူဝါဒရေးဆွဲချမှတ် သူများအနေဖြင့်လည်း နှလုံးသွေးကြောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း အတွက် ဦးစားပေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသမှ ပြည်သူများ လက်လှမ်းမီစေရေးအတွက် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါဆေးကုသမှု ဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍    စစ်ဆေးကုသပေးလျက် ရှိကြောင်း၊   ကုသမှုအတွက် လိုအပ်သော  မကူးစက်နိုင်သော ရောဂါကာကွယ်နှိမ်နင်းရေး  လုပ်ငန်းသုံး အခြေခံဆေးဝါးနှင့်   ဆေးပစ္စည်းများ ပြတ်လပ်ခြင်းမရှိအောင်    ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ပုံငွေကျပ်‌   သန်းပေါင်းများစွာ အကုန်အကျခံ ဝယ်ယူဖြန့်ဖြူး ပေးလျက်ရှိကြောင်း၊    ကျန်းမာရေးဌာနများမှ နှလုံးနှင့်နှလုံးသွေးကြောရောဂါ ကာကွယ်ကုသရေးဆိုင်ရာ    ကျန်းမာရေးစောင့်‌ရှောက်မှုများပေးလျက် ရှိသကဲ့သို့ ပြည်သူ တစ်ဦးတစ်ယောက်ချင်းအနေဖြင့် မိမိ၏ နှလုံးကျန်းမာရေး အတွက်     မိမိကစပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်  နေထိုင်မှုပုံစံကို အသိဉာဏ်ဖြင့် ဆင်ခြင်နေထိုင်သွားကြရန် အလေးထား တိုက်တွန်းပြောကြားသည်။

ထို့နောက်  ၂၀၂၄ ခုနှစ်  ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ အထိမ်းအမှတ် ဗီဒီယိုပြသပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်    နှလုံးသွေးကြောရောဂါ ကာကွယ်ထိန်းသိမ်းရေး   စီမံချက်နှင့် ဆီးချိုသွေးချိုထိန်းသိမ်းရေး စီမံချက်တို့မှ စီမံချက်မန်နေဂျာများက နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆရာဝန်များအတွက်   လက်စွဲစာအုပ်ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

မွန်းလွဲပိုင်းတွင် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အစီအစဉ် တစ်ရပ်အဖြစ် နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဗဟိုအဆင့် မွမ်းမံသင်တန်း ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသားများ တက်ရောက်ကြကြောင်း   သတင်းရရှိသည်။