မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ် (၆/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ

 

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ် (၆/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၃၀

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက် အသုံးပြုခြင်း ဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ် (၆/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပ ကော်မရှင်ရုံး၊ တိုးချဲ့ရုံး အဆောက်အအုံ၌ ကျင်းပသည်။

အခမ်းအနားတွင်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကို ကျင်းပမည့် ရွေးကောက်ပွဲတွင်  အသုံးပြုရန်စီစဉ် ဆောင်ရွက်ရခြင်းမှာ မဲမသမာမှုမဖြစ်စေရန် မဲပေးသည့် စနစ် များကို MEVM စက်အပါအဝင် ကွန်ပျူတာ Software များဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်   မဲမသမာမှုဖြစ်ပွားရခြင်းကို   လေ့လာသုံးသပ်ပါက မဲစာရင်း များဖောင်းပွခြင်း၊    မဲလက်မှတ်များ ပိုမိုရိုက်နှိပ်ဖြန့်ဝေခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများတွင် ဥပဒေနှင့်မညီသောမဲပေးခြင်း စသည့်အချက်သုံးချက်ကို တွေ့ရှိရကြောင်း၊ ကော်မရှင်အနေဖြင့် တွေ့ရှိချက်များကို လေ့လာ သုံးသပ်ပြီး မဲစာရင်းပြုစုရာတွင် Admin DEO Software များဖြင့်   ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများအလိုက်ပြုစုပြီး CVLMS Software ဖြင့် ဥပဒေနှင့်မညီညွတ်သူများ၊  မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်ပါဝင်သူများ မပါရှိစေရေး စိစစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ MEVM စက်အသုံးပြု၍ မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေခြင်း မရှိတော့သည့်အတွက် မဲမသမာမှုများမဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ ထိုစနစ်နှစ်ခုကို ပြည်ထောင်စုရွေးကောက်ပွဲ

ကော်မရှင်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများတွင် ဥပဒေနှင့် မညီညွတ်သော မဲပေးမှုများ မဖြစ်ပွားစေရေးအတွက် အားနည်းခဲ့သည့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းအောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၃၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို စက်တင်ဘာလ ၃၀  ရက်မှ ‌အောက်တိုဘာလ ၂ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။