ပရိသတ်များအားပေးကြမ်းသဖြင့် အက်သလက်တီကိုနှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့၏ မက်ဒရစ်ဒါဘီပွဲစဉ်ကို ခေတ္တရပ်ဆိုင်းပြီးမှ ပြန်လည်ကစားခဲ့

 

ပရိသတ်များအားပေးကြမ်းသဖြင့် အက်သလက်တီကိုနှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့၏ မက်ဒရစ်ဒါဘီပွဲစဉ်ကို ခေတ္တရပ်ဆိုင်းပြီးမှ ပြန်လည်ကစားခဲ့

 

မက်ဒရစ်  စက်တင်ဘာ  ၃၀

    စပိန်လာလီဂါပွဲစဉ်အဖြစ်     အက်သလက်တီကို အသင်းနှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့ ကစားသည့် မက်ဒရစ်ဒါဘီပွဲစဉ်တွင်  အက်သလက်တီကို အသင်းပရိသတ်များ အားပေးကြမ်းသဖြင့်    ပွဲစဉ်ကိုခေတ္တ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

အဆိုပါပွဲစဉ်   ပွဲချိန် ၆၄ မိနစ်တွင် မီလီတာအိုက ရီးယဲလ်မက်ဒရစ်အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ပြီးနောက်   လေးမိနစ်အကြာ ပွဲချိန် ၆၈ မိနစ် တွင်  အက်သလက်တီကို အသင်းပရိသတ်များက ရီးယဲလ်မက်ဒရစ်အသင်းမှ ဂိုးသမား ကော့တွိုက်စ်ကို ပစ်မှတ်ထား အော်ဟစ်မှုများ   လုပ်ဆောင်ခဲ့ကြသည့်အပြင်   ကွင်းအတွင်းသို့လည်း     အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုများ လုပ်ဆောင်ခဲ့ကြသည်။

အက်သလက်တီကို အသင်းပရိသတ်များသည် အားပေးကြမ်းပြီး ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြသောကြောင့် ပွဲစဉ်ကို ဆက်လက် ကစားရန် ခက်ခဲသည့်အတွက် ကွင်းလယ်ဒိုင်လူကြီး  ဘက်စ်ကွက်က ပွဲစဉ်ကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အက်သလက်တီကိုအသင်း တာ၀န်ရှိသူများ၊ အသင်းနည်းပြ ဆီမြွန်နီနှင့် ကစားသမားများက အသင်းပရိသတ်များကို ဖျောင်းဖျမှုများ လုပ်ဆောင်ပြီးနောက် ပွဲစဉ်ကိုဆက်လက် ကစားရာ ပွဲချိန် မိနစ် ၉၀ အပြီး     အချိန်ပိုခြောက်မိနစ်တွင် ကော်ရဲရားက   အက်သလက်တီကို အသင်းအတွက် ချေပဂိုးသွင်းယူနိုင်၍ သ‌ရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။