ပုသိမ်မြို့ မြို့တော်ခန်းမ၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ ပြုလုပ်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၁
၂၀၂၄ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက “မြန်မာ့ရဲ”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဆုတံဆိပ်ရရှိသူများ၊ တဆင့်မြှင့်ရာထူးရရှိသူများနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေများနှင့် အဆင့်တံဆိပ်များ အသီးသီးပေးအပ်ချီး မြှင့်ကြပြီး ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip နှင့် ခင်းကျင်း ပြသထားသော ပြခန်းများနှင့် နံရံကပ်စာစောင်များအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိသည်။