ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၂ ရက်)
သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းမှာ အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏ ကြီးမားရုံသာမက ငွေကုန်ကြေးကျလည်း အလွန်များလှသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် ဆယ်နှစ်လျှင်တစ်ကြိမ်သာ ကောက်ယူကြသည်။ သန်းခေါင်စာရင်းလုပ်ငန်းမှာ လူတစ်ဦးချင်းစီနှင့် သက်ဆိုင်ပြီး မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လာခြင်းကြောင့် မှတ်ပုံတင်စာရင်းအင်း အချက်အလက်များ ပြည့်စုံသည့် ဖွံ့ဖြိုးပြီးနိုင်ငံများမှာပင် သန်းခေါင်စာရင်းကို ပုံမှန်ကောက်ယူလျက်ရှိကြသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာမည်ဆိုလျှင် ထိုနိုင်ငံကထုတ်ပြန်သည့်လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ဆန်းစစ်လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ စာရင်းအင်း အချက်အလက်များမှာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကိုထင်ဟပ် ဖော်ပြနေခြင်းဖြစ်၍ တစ်နိုင်ငံလုံး၏ စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိတိကျကျမှန်မှန် ရရှိရေးသည် လွန်စွာအရေးကြီးလှသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များကို ကဏ္ဍအလိုက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအဖြစ် အသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို သန်းခေါင်စာရင်းမှသာ ရရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအပြီး ၁၀ နှစ်အကြာ ယခု ၂ဝ၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကို နောက်တစ်ကြိမ် ကောက်ယူခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ် စက်တင်ဘာလ ၁ ရက် ပြည်သူသို့ပြောကြားသည့်မိန့်ခွန်းတွင် ''သန်းခေါင်စာရင်းရလဒ်ဟာ နိုင်ငံအတွက် အရေးပါတဲ့ အချက်အလက်များဖြစ်သလို မိမိတို့တစ်ဦးချင်းအတွက်လည်း အကျိုးကျေးဇူး ရရှိစေမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ဝယ် ရရှိနေတဲ့ အခွင့်အရေးကြီးကို ပြည့်ပြည့်ဝဝရရှိ ခံစားနိုင်ဖို့အတွက် သန်းခေါင်စာရင်းကိုလူတိုင်း အကောက်ခံကြဖို့လည်း လိုအပ်ပါတယ်၊ လူတိုင်းပါဝင်ကြဖို့လည်း လိုအပ်ပါတယ်။ အိမ်ထောင်စု အဖွဲ့အစည်းတိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင်ရာရောက် လာရောက် မေးမြန်းမယ့် မေးခွန်းတိုင်းအပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များကင်းစွာနဲ့ နောင်အနာဂတ်မျိုးဆက်သစ်တွေအကျိုးအတွက် အမှန်ကိုအမှန်အတိုင်း အမှားအယွင်း မရှိအောင် ယုံယုံကြည်ကြည် ဖြေကြားကြဖို့လိုအပ်ပါတယ်" ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။
သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်းများမှာ လက်ရှိအစိုးရ တစ်ရပ်အတွက်သာမက နောင်အစိုးရ အဆက်ဆက်ထိ လက်ဆင့်ကမ်း အမွေပေးရမည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ဖြစ်သည်။ ထိုအချက်အလက်များမှာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုနယ်ပယ် အဆင့်တိုင်းအတွက် ထိရောက်သည့် ဖွံ့ဖြိုးမှုစီမံကိန်းများ ရေးဆွဲနိုင်ရန်နှင့် အထောက်အထား အခြေပြုဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မရှိမဖြစ်လိုအပ်သည်။ နိုင်ငံမှာ သယံဇာတရင်းမြစ်များ ခွဲဝေသတ်မှတ်ခြင်းများ၊ ဘဏ္ဍာငွေခွဲဝေ ချမှတ်ခြင်းများ၊ နယ်မြေဧရိယာ နယ်နိမိတ်များကို ပြန်လည်ဆန်းစစ်ခြင်းများကလည်း လူဦးရေပေါ်မှာပင်အခြေခံရခြင်းဖြစ်သည်။ စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတားများ စသည့်အခြေခံ အဆောက်အဦများ တည်ဆောက်ပေးခြင်းနှင့် သုတေသနလုပ်ငန်းများမှာလည်း သန်းခေါင်စာရင်းက ရရှိလာသည့် အချက်အလက်များကို လေ့လာဆန်းစစ် အသုံးပြုနိုင်မှာဖြစ်၍ နိုင်ငံတော်အတွက် များစွာ အသုံးဝင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် မဲစာရင်းတိကျ မှန်ကန်ရေး လုပ်ဆောင်ရာတွင်လည်း သန်းခေါင်စာရင်း အချက်အလက်များကို အသုံးပြုရမည်ဖြစ်သည်။ ထို့ပြင် သန်းခေါင်စာရင်း အချက်အလက်များသည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်(Sustainable Development Goals - SDGs)နှင့်မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(Myanmar Sustainable Development Plan - MSDP) စသည့် ပြည်တွင်းပြည်ပ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များ၊ ဆောင်ရွက်ချက်များကို ဆန်းစစ်လေ့လာရာတွင်လည်း အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်းမှာ ဆောင်ရွက်တော့မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကောက်ယူနိုင်ရန် စီမံဆောင်ရွက်လျက် ရှိသည်။ ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွန်ခဲ့သည့်နှစ်များကစပြီး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လာသည်မှာ လက်ရှိအခြေအနေတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေပြီဖြစ်သည်။ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်၍ ပြည်သူများအနေဖြင့် ပြည့်ပြည့်စုံစ ုံဖြေကြားပေးခြင်းဖြင့် ကူညီကြရမည်ဖြစ်သည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ ပြည်တွင်းရှိလူ့စွမ်းအား အရင်းအမြစ်များကို အခြေခံပြီး မိမိတိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေသည့် အမျိုးသားရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပေရာ ''ပြည်သူအားလုံး ပါဝင်လို့ သန်းခေါင်စာရင်း ကောက်ယူစို့''ဟူ၍ တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။ ။