မန္တလေးဘူတာကြီးအနီး၌ လျှပ်စစ်သုံးယာဉ်အားသွင်းရုံ(EV Charging Station)ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကဉ္စဏမဟီရပ်ကွက်လမ်း ၃၀ နှင့် ၇၉ လမ်းထောင့် မန္တလေးဘူတာကြီးအနီး၌ လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်အားသွင်းရုံ(EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၇ ရက်နံနက် ပိုင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ကမြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်စနစ် ပေါ်ပေါက်ရေးအတွက် မန္တလေးမြို့တွင် Pilot Project များ ဆောင်ရွက်ရန် ခုနစ်နေရာလျာထားပြီး မန္တလေးဘူတာကြီးအနီး၌ ဖွင့်လှစ်သည့် EV Charging Station သည် ခြောက်ခုမြောက်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက မန္တလေးမြို့၌ EV Taxi၊ EV မော်တော်ယာဉ်များ အသုံးပြုမှုနှင့် E-Bus များ ပြေးဆွဲရန် စီစဉ်ဆောင်ရွက်မှုများကို ပြောကြားပြီး MG-Myanmar မှတာဝန်ရှိသူတစ်ဦးက လျှပ်စစ်အားသွင်းရုံ တည်ဆောက်ဖွင့်လှစ်မှုကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် လျှပ်စစ်သုံးယာဉ်ဓာတ်အားသွင်းရုံဖွင့်ပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ခလုတ်နှိပ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်သုံးယာဉ်များ လျှပ်စစ်ဓာတ်အားသွင်းနေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)