မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ်(၀၃၂)တို့ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကြည့်ရှုစစ်ဆေး
ရန်ကုန် ဧပြီ ၂၈
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်အမှတ် (၀၃၂)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို အထွေထွေမန်နေဂျာက နေ့စဉ်ကုန်းတွင်းနှင့် ကမ်းလွန်မှ ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အား ထိန်းညှိဖြန့်ဖြူးပေးနေသည့် အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ငွေ့ပိုက်လိုင်းကွန်ရက် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးရာ ပြည်ထောင်စု ဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်သည်ဖြစ်၍ အကျိုးရှိစွာအသုံးပြုရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းသဘာဝဓာတ်ငွေ့ရောင်းချမှုအားလုံးကို ထုထည်အခြေပြုအစားအပူစွမ်းအင် အခြေပြုဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသန ပြုလုပ်၍ နည်းပညာအသုံးပြုဆောင်ရွက်ခဲ့သဖြင့် မအူပင်၊ အဖျောက်နှင့် မြန်အောင်ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး တိုးတက်ထုတ်လုပ် ရှိသော သဘာဝဓာတ်ငွေ့များကို အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် YBS ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ အထူးသက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပြီး CNG ရောင်းချပေးလျက်ရှိကြောင်း၊ CNG ကို ဓာတ်ဆီ၊ ဒီဇယ်များနှင့် နှိုင်းယှဉ်အသုံးပြုရာတွင် ကုန်ကျစရိတ် အနေဖြင့် CNG အသုံးပြုမှုသည်များစွာ သက်သာနေသည်ကို အသုံးပြုသူများ အသိပင်ဖြစ်ကြောင်း၊ နည်းပညာဆိုင်ရာ သုတေသနပြုမှုများအရ CNG သည် သန့်ရှင်းသည့် စွမ်းအင်အမျိုးအစားဖြစ်၍ စက်ပစ္စည်းများ၏သက်တမ်းကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုလအတွင်းပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကိန်းဂဏန်းအချက်အလက်များဖြင့် ဆွေးနွေးရှင်းပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ အားသာချက်များ ရှိသည့်အတွက် CNG အသုံးပြုခွင့်ရရှိနေသည့် မော်တော်ယာဉ်ပိုင်ရှင်များ၊ အငှားယာဉ်မောင်းများ အနေဖြင့် ခရီးသည်များထံမှယာဉ်စီးခများ တောင်းခံ ရာတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီကားများထက် သိသာစွာလျှော့ချ၍ တောင်းခံပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ အနာဂတ် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးကဏ္ဍတွင် One BTU စနစ်ဖြင့်ဆောင်ရွက်နိုင်ရေး ဓာတ်ငွေ့ပေါင်းဆုံမည့် Gas Hub နှင့် ပိုက်လိုင်းကွန်ရက် အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများကို သတ်မှတ်စံနှုန်းများနှင့် အညီ စနစ်တကျအလေးထား ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့သုံး CNG အရောင်းဆိုင်များမှမန်နေဂျာများကို လိုအပ်သည်များမှာကြားပြီး ပြည်သူများကို ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန် ခေတ်မီစက် ကိရိယာများဖြင့် CNG အိုးများ စမ်းသပ်စစ်ဆေးနေသည့် CNG Retest Factory အလုပ်ရုံအား ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်သုံးသဘာဝ ဓာတ်ငွေ့အရောင်းဆိုင်အမှတ် (၀၃၂)သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရေးဆွဲထားသည့် Standard Operating Procedure (SOP) များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စက်များ ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရေးအတွက် regular maintenance နှင့် preventive maintenance များကို ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ် မူတည်ပြီး နှစ်အလိုက်အစီအမံများ ရေးဆွဲဆောင်ရွက်ရန်ဖြစ်ကြောင်းမှာကြားကာ CNG သုံးခရီးသည်တင် YBS ယာဉ်နှင့် အငှားယာဉ်များအား CNG ဖြည့်တင်းပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။