လောကကိုအလှဆင် သစ်ပင်ကိုမြတ်နိုးတန်ဖိုးထား
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်)
မိုးရာသီရောက်လာသည်နှင့် နိုင်ငံတစ်ဝန်းတွင် သစ်ပင်မျိုးစုံစိုက်ပျိုးခြင်း ဆောင်ရွက်လာကြသည်။
သစ်ပင်စိုက်ပျိုးခြင်းမှာ အမြဲထာဝရရှိနေမည့် ကုသိုလ်ဖြစ်သည်။ ကောင်းမှုပြုလုပ်သူများ အတွက် ကောင်းကျိုးခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။ သစ်ပင်စိုက်သည့်အတွက် လက်တလောရရှိလိုက်သည့် အကျိုးသည် စိတ်ချမ်း သာသည်။ ကျန်းမာရေးကောင်းသည်။ သီးပင်စားပင် စိုက်ပျိုးကြမည်ဆိုလျှင် အဆိုပါသီးပင်စားပင်မှ မိမိတို့အိမ်အတွက် ငွေကုန်ကြေးကျ သက်သာသည်။ ပိုလျှံသဖြင့် ရောင်းချပါက အပိုဝင်ငွေရရှိမည်။ လူတိုင်းသည်ဝင်ငွေနှင့် ထွက်ငွေကို ညီမျှအောင် သုံးစွဲနေကြရသူများ ဖြစ်သည်။
သစ်တောများ တည်ရှိရှင်သန်နေခြင်းသည် "အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ်၏ ဖွံ့ဖြိုးမှု"ဟုဆိုပါသည်။ ထိုသို့ဆိုထားသည့်အတိုင်း သစ်တောများသည် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်တောများထာဝစဉ် တည်တံ့စေရေးအတွက် စနစ်တကျစီမံ အုပ်ချုပ်ခြင်းသည် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
လူများ၏အခြေခံ လိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေးကို သစ်ပင်သစ်တောများက ဖြည့်ဆည်းပေးလျက်ရှိသည်။ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်း ကာကွယ်ခြင်းဖြင့် လေကောင်းလေသန့်များ ရရှိစေခြင်း၊ ရာသီဥတုအေးမြ၍ မျှတစေခြင်း၊ ရေကောင်းရေသန့်များ ရရှိစေခြင်း၊ ရေလှည့်ပတ်မှုစနစ် မှန်ကန်စေရန် ထိန်းသိမ်းပေးခြင်း၊ သဘာဝစမ်းရေထွက်များ ဖြစ်ပေါ်စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီလွှာ ထိန်းသိမ်းပေးခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိသည်။
သစ်ပင်စိုက်ပျိုးရာတွင်‘‘ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း’’ဟူသည့် ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေလိုအပ်ပေသည်။ ပျိုးပင်အဖြစ်နှစ်နှစ်တာ ရှင်သန်ဖြစ်ထွန်းလာသည့် အပင်သည် ဆက်လက်ရှင်သန် ကြီးထွားရန် စနစ်တကျဆောင်ရွက် သွားပါက ပိုမိုရှင်သန်မည်ဖြစ်သည်။ စိုက်ပျိုးပင်များ ရှင်သန်အောင်မြင်စေရန်မှာ နေရာဒေသနှင့် ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာ ရွေးချယ်မှု၊ စနစ်တကျမြေပြုပြင်မှု၊ ရေနှင့်မြေ အစိုဓာတ်ရရှိမှု၊ စိုက်မည့်ကျင်းအရွယ်အစား မှန်ကန်မှု၊ အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။
သစ်ပင်သစ်တောများ ရှိခြင်းသည် လူသားများနေထိုင်သည့် ပတ်ဝန်းကျင်သာယာ လှပမှုကိုဖြစ်ပေါ်စေပြီး လူနှင့်သက်ရှိတို့အတွက် ကောင်းကျိုးများကိုရရှိစေသည်။ သစ်ပင်ကိုနှစ်စဉ် စိုက်ပျိုးလျက်ရှိပေရာ အနာဂတ်တွင် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့် ကမ်းနိုင်ရေးအတွက် သစ်ပင်များကို စနစ်တကျဖြင့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးလျက်ရှိသည့် မြင်ကွင်း များမှာ မိုးရာသီ၏ အလှပန်းချီများဖြစ်သည်။ ပျော်ပျော်ရွှင်ရွှင် သစ်ပင်စိုက်နေကြသည့် မြင်ကွင်းများကို မြင်တွေ့ရသည်မှာ စိတ်တွင်အေးချမ်းခြင်း၊ ကြည်နူးချမ်းမြေ့ခြင်း ပီတိများကိုဖြစ်ပေါ်စေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၇ ရက်က ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ခဲ့သည့် ၂ဝ၂၄ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် အမှာစကားပြောကြားစဉ် ‘‘မကြာမီကဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းမှုဖြစ်ပေါ်ခဲ့ပြီး ရေစီးဆင်းရာ လမ်းကြောင်းများ တစ်လျှောက် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးများအနက် အဆိုးဆုံးထိခိုက် ပျက်စီးမှုကြုံတွေ့ခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်းဖြင့် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုကို အထိုက်အလျောက် လျှော့ချနိုင်မည် ဖြစ်သကဲ့သို့ ရေစီးကြောင်းနှင့်အတူ မျောပါလာသည့် သစ်လုံးကြီးများကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း’’ ထည့်သွင်း ပြောကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးတွင် ၂ဝ၁၁ ခုနှစ်မှ စ၍ နှစ်စဉ်မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။ ၂ဝ၁၁ ခုနှစ်မှ၂ဝ၂၄ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၁ ကြိမ်ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်စုစုပေါင်း ၂ဝ၁၂၂၅ ပင်စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ တပ်မတော်တစ်ရပ်လုံး အနေဖြင့် စက်တင်ဘာလ ၂၇ ရက်တွင် စုစုပေါင်းသစ်ပင် ၂၂၁၅၇၃ ပင်စုပေါင်းစိုက်ပျိုး ပေးနိုင်ခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေသည်မှာ လောကကို အလှဆင်သစ်ပင်ကို မြတ်နိုးတန်ဖိုးထားခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။