မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ညနေပိုင်း အမဲလိုက်သွားရာမှ အပြန်တွင် ကျွန်တော်ဝေစုရသော ချေသားထုပ်ကလေးကို လက်မှာဆွဲပြီး ရွာထဲသို့ ဝင်လိုက်သည်။ အမဲလိုက်သူများမှာ အမဲမည်မျှပင်ရသည်ဖြစ်စေ အမဲလိုက်ရာတွင် ပါဝင်သူအားလုံး အညီအမျှဝေစုရသည်။ ခွေးပါလျှင် ခွေးအတွက်ပါ ဝေစုတစ်စု သီးသန့်ရသည်။ ပိုက်အတွက် ဝေစု စသည်ဖြင့် အညီအမျှရကြသည်။ လူမှုရေးနယ်ပယ်ထဲတွင် တန်းတူညီမျှသောအခွင့်အရေးကို သေချာရ သည်မှာ အမဲလိုက်ခြင်းပင်ဖြစ်သည်။ အမဲကို ရိုက်ဖမ်းသားက အများယူ၊ ဟေး ဟေး အော်ကာ ငြာသံပေးသူက အနည်းယူဟူ၍မရှိပေ။
ကျွန်တော်သည် ဖက်ဖြင့်ထုပ်ယူလာသော ချေသားထုပ်ကလေးကို မြှောက်ကြည့်ပြီး ပြုံးလိုက်၏။ ညီထွေးလေးက အသားဟင်းဆို သိပ်ကြိုက်သည်။ ကျွန်တော် အတွေးလေးနှင့်မြူးနေသည်။ ကျွန်တော် ရွာအနောက်ဘက် တောင်ခြေပတ်လမ်းမှ ရွာထဲသို့ ဝင်လာလိုက်သည်။ မိုးသားတိမ်တိုက်များကြောင့် ညနေခင်းလေးမှာ ပိုပြီးမည်းမှောင်နေ၏။ ခြေလှမ်းသွက်သွက်ကလေးများ၏ဆွဲခေါ်မှုကြောင့် အိမ်လေးနှင့် ပိုမိုနီးကပ်လာသည်။ သိပ်မကြာမီ အိမ်ခြံဝင်းအနီးသို့ ရောက်လာသည်။
"အောင်မလေး မောင်လေးရယ် အဖြစ်ဆိုးလှချေလား"
ညီမလေး၏ယူကျုံးမရဖြစ်မှု ငိုကြွေးသံသည် ကျွန်တော့်ရင်ဘတ်ထဲတွင် ဆို့ဆို့နင့်နင့်ဖြစ်သွားစေခဲ့လေပြီ။ ကျွန်တော် အိမ်ပေါ်သို့ချက်ချင်း ပြေးတက်လိုက်သည်။
"ဟင်...ညီထွေးလေး"
"ကိုကြီးရယ် မောင်လေးဆုံးပြီ"
ညီထွေးလေးကား နှုတ်ခမ်းကလေးပြာနှမ်းနှမ်းကို တင်းတင်းစေ့ပြီး အသက်မဲ့နေလေပြီ။ ညီမလေးနှင့် ညီလေးနှစ်ယောက်က ညီထွေးလေး ရုပ်အလောင်းကိုကြည့်ပြီး ငိုနေကြ၏။ ပတ်ဝန်းကျင်က သက်ကြီးပိုင်းသုံးဦး ရောက်နေကြသည်။ သူတို့လည်း ကလေးတွေအဖြစ်ကိုကြည့်ပြီး ရင်ထဲမကောင်းရှာကြ။
ကျွန်တော် ညီထွေးလေးကို ချက်ချင်းပြေးဖက်လိုက်သည်။ ချစ်သောညီထွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုသော ဝမ်းနည်းစိတ်သည် ကျွန်တော့်ရင်၌ အုံဖွဲ့ဖြစ်ပေါ်သွားသည်။
"အစ်ကိုကြီးရယ်...ညီထွေးလေးအဖျားရှိနေတာကိုမသိဘဲ ကောက်ညှင်းကျွေးမိတာလေ၊ ကလေးက အဖျားကြီးပြီး ခုလိုဖြစ်သွားတာတဲ့"
"ဖြစ်ရလေညီလေးရယ်...အဖေကြီးကလည်းမရှိဘူး၊ ဘယ်လိုလုပ်ကြမှာလဲဗျာ"
ကျွန်တော့်ထံမှ ကြေကွဲသံကြီး ဆို့ဆို့နင့်နင့်ထွက်သွားသည်။ အဖေကြီးမှာ လှေတုံးမျှောရန်အတွက် အထက်ကျွန်းစဉ်ဘက်သို့ တက်သွားသည်။ တစ်ပတ်ခန့်ကြာမည်ဟု ပြောသွား၏။ ခုလောက်ဆို ရိုးမ တောင်ခြေက အမ်းမြို့နယ်ထဲ ရောက်နေရော့မည်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ပါဘိ၊ ဘယ်လိုလုပ် ဆက်သွယ်ရမလဲ။
ကျွန်တော့်မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များပြည့်အိုင်လာပြီး မျက်လုံးအစုံကို မှိတ်လိုက်ချိန်တွင် မျက်ရည်စီးကြောင်းများ တလိမ့်လိမ့် စီးဆင်းသွားကြသည်။ ကျွန်တော်၏ မျက်ရည်ပေါက်များ ညီထွေးလေး၏ ပါးပြင်မို့မို့လေးပေါ်သို့ တပေါက်ပေါက်ကြွေဆင်းကြ၏။
မကြာမီ အိမ်နီးနားချင်းများ ရောက်လာကြသည်။ ဗုဒ္ဓဟူးနေ့တွင် သေဆုံးတာဖြစ်လို့ နေ့မကူးမီ ချက်ချင်းသင်္ဂြိုဟ်ရမည်ဟု ပြောကြ၏။ ဦးထွန်းညိုနှင့် ကိုအောင်ခိုင်တို့က ညီထွေးလေး၏ အဝတ်အစားများကို သူ၏ကိုယ်ပေါ်တွင် လွှားတင်လိုက်ကြသည်။ ညီထွေးလေး၏ ခန္ဓာကိုယ် အောက်တွင်ခင်းထားသော စောင်ပိုင်းလေးကို ကိုယ်ပေါ်သို့ ပင့်တင်လိုက်သည်။ နောက် သပေါ့ဖျာလေးကိုပါ ခေါက်ချိုးညှိပြီး ညီထွေးလေး၏ခန္ဓာကိုယ်ကို မုန့်ဖက်ထုပ် ထုပ်သလိုမျိုး လျှော်ကြိုးဖြင့် စည်းချည် လိုက်ကြသည်။ ညီမလေးမှာ မကြည့်ဝံ့သဖြင့် ညီထွေးလေးကိုကျောပေးပြီး တအင်းအင်းငိုနေလေတော့၏။
သက်မဲ့ခန္ဓာကိုထုပ်ပိုးပြီးလျှင် ပျဉ်ပြားတစ်ချပ်ပေါ်သို့ တင်လိုက်ကြသည်။ ပျဉ်ပြားပေါ်သို့ ရောက်နေသော ညီထွေးလေး၏ သက်မဲ့ခန္ဓာကို ကြိမ်နွယ်ဖြင့် သုံးတန်စည်းချည်လိုက်ကြ၏။ အစွန်းထွက်နေသော ပျဉ်ပြားချပ်ကို ရှေ့တစ်ယောက် နောက်တစ်ယောက် ပခုံးခံထမ်းပြီး သင်္ချိုင်းသို့သယ်ယူပြီး မြေမြှုပ်သင်္ဂြိုဟ် လိုက်ကြပေတော့သည်တကား။
တစ်ခါတစ်ရံ လူတို့၏ဓလေ့ထုံးစံ ရိုးရာအယူဝါဒများသည် အရိုင်းဆန်သည်ဟု ကျွန်တော်တွေးမိလိုက်၏။ ခုပဲကြည့်လေ။ ကျွန်တော် အင်မတန်ချစ်လှသော ညီထွေးလေးကို ဗုဒ္ဓဟူးနေ့မှာ ဆုံးသည်ဆိုပြီး နေ့ကူးအောင်မထားရဆိုသော အယူအဆကြောင့် တိရစ္ဆာန်တစ်ကောင် သေဆုံးသလိုမျိုး ချက်ချင်းတစပြင်သို့ထုတ်ပြီး စွန့်ပစ်လိုက်ကြပါပြီကောလား။
ဪ ... ဘဝစေရာ စီးမျောလွင့်ပါခဲ့ရရှာပါပေါ့လား ညီလေးရယ်
"ဟေ့ ဘညွန့်"
"ဗျာ"
ဗြုန်းခနဲခေါ်သံကြောင့် ကျွန်တော် အလန့်တကြား ပြန်ထူးလိုက်သည်။
"ဟာ . . . စောလှ အသံလေးဘာလေး ပေးတာမဟုတ်ဘူး"
"ငါရောက်နေတာ အတော်ကြာပြီကွ၊ မင်း တစ်ယောက်တည်း
ပင်လယ်ပြင်ကြီးကြည့်ပြီး ငေးနေတာတွေ့လို့ ငါ ကြည့်နေတာ"
"အေးကွာ အားအားရှိတာနဲ့ ငါ ဒီနားထိုင်ပြီး တို့တစ်တွေကို လုပ်ကျွေးနေတဲ့ ပင်လယ်ပြာကြီးကြည့်ပြီး ကျေးဇူးတင်နေတာလေ"
"ကဲ . . . ဘညွန့်ရေ ငါ မင်းကို အမဲလိုက်ဖို့ လာခေါ်တာ လိုက်မယ် မဟုတ်လား"
"ဘယ်သွားကြမှာမို့လဲ"
"တို့ ဒီကျွန်းပေါ်ကကောင်တွေလည်း အမဲလိုက်ဖန်များတော့ သိပ်တော့မလွယ်တော့ဘူး၊ ပိုက်ယဉ်နေကြပြီပေါ့ကွာ၊ ဒီတစ်ခေါက်တော့ ကျွန်းသလိမ်ကျွန်းဘက်သွားဖို့ စီစဉ်ထားကြတယ်"
"နယ်သစ်ပယ်သစ်ဆို လိုက်မယ်ကွာ"
"ဒါဆို သွားကြမယ်၊ ဟိုဘက်မှာ လူတွေစုံနေကြပြီ"
ကျွန်တော်တို့ရောက်သွားချိန်တွင် ပသျှူးလှေကြီးနားမှာ လူတွေစုံနေကြပေပြီ။ အမဲလိုက်သမားတို့သည် လက်လံ တစ်လံခွဲ၊ နှစ်လံလောက်စီ ပိုင်းဖြတ်ထားသော အုန်းလက်ပိုင်းများကို လှေဝမ်းဗိုက်အောက်သို့ထိုးသွင်းပြီး ဆုံးတုံးခံကာ မြစ်ရေပြင်သို့ လှေကို တွန်းချကြသည်။ မြစ်ကမ်းခြေသဲသောင်ပြင်မှာ အမြင့်မှအနိမ့်သို့ ပြေပြေကလေးနိမ့်ဆင်းနေပေရာ လှေဝမ်းဗိုက်နှင့် အုန်းလက်ကြိတ်သံတို့မှာ တဖြန်းဖြန်း အသံပေးကာ ခပ်သွက်သွက်လျှောဆင်းနေပေတော့သည်။ ပြိုင်တူတွန်းအားကြောင့် လှေကြီးမှာ မြစ်ရေပြင်ထဲရောက်သွားပြီး လှိုင်းအိကလေးများနှင့်အတူ ကခုန်မြူးနေပေပြီ။
ဖိုးချမ်းက ပဲ့စင်ပေါ်မတ်တတ်ရပ်ပြီး မြီးတံရှည်တက်မကြီးကို ရေထဲသို့နှစ်ကာ ကန့်ကြိတ်ပေးလိုက်ခြင်းဖြင့် လှေကြီးမှာ ပင်လယ်ပြင်ဘက်သို့ ဦးမော့ပြီး တာထွက်ရန် အဆင်သင့်ဖြစ်သွားသည်။ လှေနံနှစ်ဖက်တွင် တစ်ဖက်လျှင် သုံးစင်စီ အသင့်လုပ်ထားသော တက်ခတ်စင်ခြောက်စင်တွင် တက်ခတ်သား ၁၂ ယောက်က အသင့်နေရာယူပြီး ခတ်တက်ကို ပြိုင်တူဆွဲခတ်လိုက်ကြ၏။
ပသျှူးလှေကြီးကတော့ လှိုင်းခေါင်းဖြူများကိုဖိနင်းပြီး ခပ်မြူးမြူးပြေးနေပေပြီ။ လှေကြီးမှာ ငွေသာတောင်တန်းကို လက်ယာထားပြီး နတ်မော်ကျောက်တန်းဘက်သို့ ဦးတည်သွားနေသည်။ နတ်မော်ကျွန်းလွန်သည်နှင့် ဘင်္ဂလား ပင်လယ်ရေပြင်ထဲက ကျွန်းသာယာ(ကျွန်းသရဲ)ကျွန်းပေါ်လာ၏။
ကျွန်းသာယာကျွန်းနှင့် ငပသုန်ကျွန်း ရေလက်ကြားထဲတွင် ကျွန်းသလိမ်ကျွန်းဟူသည် တည်ရှိသည်။ ကျွန်းမှာ မြစ်ပြင်ထဲတွင် တစ်ကျွန်းတည်း ထီးထီးမားမားတည်ရှိနေသည်။ ဤကျွန်းသို့ လူသူအရောက်အပေါက်လည်းနည်းသည်။ ကျွန်တော်တို့အမဲလိုက်အဖွဲ့သည် နေမွန်းတည့်ချိန်လောက်တွင် ကျွန်းသို့ရောက်ရှိကြသည်။ ကျွန်းမှာ ရှည်ရှည်လျားလျားပင်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။