ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၂
ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ၌ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် အားပေးကြသည်။
ဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ်(၂) ရန်ကုန်အသင်းနှင့် ဆေးတက္ကသိုလ် မကွေးအသင်း တို့ယှဉ်ပြိုင်ကစားကြပြီး ဆေးတက္ကသိုလ် မကွေးအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကာ နေရာအလိုက်အကောင်းဆုံး အားကစားသမားဆု၊ နှစ်သိမ့်ဆု၊ တတိယ ဆုရရှိသူများကို ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများက ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဒုတိယဆုရရှိသည့် အသင်းကို ဆုတံဆိပ်နှင့်ငွေသားဆုကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပထမဆုရရှိ သည့်အသင်းကို ကျန်းမာရေး ဝန်ကြီးဌာန တံခွန်စိုက်ဖလားနှင့် ငွေသားဆုကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။