ပြင်ဦးလွင်မြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး MSME ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအနှီး၊ နည်းပညာလွှဲပြောင်း ရရှိရေးနှင့် ဈေးကွက်ရရှိရေး ကိစ္စရပ်များ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆွေးနွေးပြောကြား

 

ပြင်ဦးလွင်မြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး MSME ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအနှီး၊ နည်းပညာလွှဲပြောင်း ရရှိရေးနှင့် ဈေးကွက်ရရှိရေး ကိစ္စရပ်များ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆွေးနွေးပြောကြား

 

နေပြည်တော်   အောက်တိုဘာ    ၂       

    အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဝိုင်၊ ယိုစုံနှင့် မလိုင်ထုတ်လုပ်သည့်  MSME  လုပ်ငန်းရှင်များအား ယနေ့နံနက်ပိုင်းတွင် သုတေသနဌာနခွဲ(ပြင်ဦးလွင်)၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့် တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ်    ပြည်ထောင်စုဝန်ကြီးက MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ MSME လုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေပမာဏအနေဖြင့် အသေးစားလုပ်ငန်းကို ငွေကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်းကို ငွေကျပ်သန်း ၅၀ နှင့် အလတ်စားလုပ်ငန်းကို ငွေကျပ်သန်း ၁၀၀ အထိ ထုတ်ချေးပေးလျက်ရှိကြောင်း။

 MSME ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီးပါက အသေးစား(Micro)စီးပွားရေးလုပ်ငန်းများ နှင့် အစပျိုးစီးပွားရေးလုပ်ငန်းများ(Startup)ကို ထဲထဲဝင်ဝင် ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်   ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပါက ဒေသနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သဖြင့်     ကြိုးစားဆောင်ရွက်ကြရန်  တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ တွေ့ကြုံနေရသည့်  အခက်အခဲများကို  ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေး ကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံစက်မှုဇုန်အတွင်းရှိ Burst Transmission Co., Ltd. ၏ မှန်ဘီလူးများ၊ မှန်ဘီလူးကိုယ်ထည်များ၊ အဏုကြည့်မှန်ပြောင်းများ၊ လုံခြုံရေးကင်မရာ ခေါင်းလောင်းများ၊ ကင်မရာတွင် ပါဝင်သည့် ပလတ်စတစ် အစိတ်အပိုင်းများ၊ ပရင်တာ အစိတ်အပိုင်းများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဆားကစ်ပြားများ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်နေမှု၊ ကိုဒက်ကင်မရာ အမျိုးအစားများ တပ်ဆင်ထုတ်လုပ်နေမှု   အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နည်းပညာ လွှဲပြောင်းရရှိရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအဆင့် တိုးမြင့်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးရန်၊ လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။