အရှေ့အလယ်ပိုင်း စစ်မီးတောက်မှု အမေရိကန်၏ မူဝါဒပိုင်း မနိုင်နင်းမှုကိုပြသနေဟု ရုရှားပြော

 

အရှေ့အလယ်ပိုင်း စစ်မီးတောက်မှု အမေရိကန်၏ မူဝါဒပိုင်း မနိုင်နင်းမှုကိုပြသနေဟု ရုရှားပြော

 

    အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးများ တောက်လောင်နေမှုသည် အမေရိကန်၏ ဂျိုးဘိုင်ဒင်အစိုးရ အနေဖြင့် မူဝါဒပိုင်းမနိုင်နင်းမှုကိုပြသနေကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောသည်။

အီရန်က ရက်ပေါင်းများစွာကြာ စောင့်စားခဲ့ရသော လက်တုံ့ပြန်မှုတစ်ခုအဖြစ် အစ္စရေးအပေါ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ပြီးနောက် မကြာမီ ရုရှားအစိုးရက ယခုကဲ့သို့ပြောဆိုလာခြင်း ဖြစ်သည်။

အစ္စရေးက အီရန်၏တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သွားမည်ဖြစ်ပြီး လက်ဘနွန် သို့ ကျူးကျော်ဝင်ရောက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကတိပြုထားသည်။

ထို့နောက် အရှေ့အလယ်ပိုင်းအရေးနှင့် ပတ်သက်၍    သတင်းထောက်များက မေးမြန်းရာ အိမ်ဖြူတော်အနေဖြင့်ရည်ရွယ်ချက်တိကျ ခိုင်မာမှုမရှိသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်နေခြင်းက ၎င်းတို့ကိုယ်တိုင် ထိုပဋိပက္ခများကို မဖြေရှင်းနိုင်တော့သည့် အခြေအနေဆိုက်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်ဟု မာရီယာဇာခါရိုဗာက ပြောသည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်၏ ကြိုးပမ်းအားထုတ် မှုများသည်    လူဦးရေ သိန်းပေါင်းများစွာ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုများဆီသို့သာ ဦးတည်သွားစေကြောင်း ၎င်းကဆက်ပြောသည်။

အစ္စရေးအနေဖြင့် တင်းမာမှုများလျော့နည်းစေရေး လုပ်ဆောင်ရန်နှင့် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းရန် အမေရိကန်က လူသိရှင်ကြား တောင်းဆိုထား သော်လည်း အစ္စရေးအစိုးရကမူ စစ်ရေးနည်းဖြင့် ဖြေရှင်းမှုများကိုသာ ဆက်လက် လုပ်ဆောင်နေသည်။