လီဗာပူးအသင်းက အသင်းခေါင်းဆောင် ဗန်ဒိုက်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်ထား
လန်ဒန် အောက်တိုဘာ ၂
လီဗာပူးအသင်းက အသင်းခေါင်းဆောင် ဗန်ဒိုက်ကို ၂၀၂၈ခုနှစ် ဇွန်လအထိ သုံးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်ထားကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် ဗန်ဒိုက်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလက ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်သည်။
ဗန်ဒိုက်သည် လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားအပါအဝင် ဆုဖလားများစွာ ဆွတ်ခူးခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ကာ တစ်ဦးချင်းဆုတံဆိပ်များ အဖြစ်လည်း ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအပါအဝင် တခြားဆုတံဆိပ်များစွာကိုလည်း ဆွတ်ခူးခဲ့သူဖြစ်သည်။
ဗန်ဒိုက်သည် နည်းပြဟောင်း ကလော့လက်ထက် ကတည်းက အသင်း၌ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိနည်းပြ ဆလော့လက်အောက်တွင်လည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ကာ အဓိက ကစားသမားအဖြစ် ပါဝင်လျက်ရှိသည်။
ဗန်ဒိုက်နှင့် လီဗာပူးအသင်းတို့ စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ် သည့်အတွက် လီဗာပူးအသင်းက အဓိက ကစားသမား တစ်ဦးကို လက်မလွှတ်လို၍ နောက်ထပ် သုံးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။