MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(C)တွင် ဟံသာဝတီယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရ
ရန်ကုန် ဧပြီ ၂၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(C)ပွဲစဉ်များကို ယနေ့တွင် ဆက်လက်ကျင်းပခဲ့ရာ ဟံသာဝတီယူနိုက်တက်အသင်း နိုင်ပွဲရရှိခဲ့ပြီး ဒဂုံစတားအသင်း နှင့် ဒဂုံပေါ့အသင်းတို့ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(C)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ဆေးဗား စတားအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ကစားခဲ့ရာ ဟံသာဝတီယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ၆ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး ဟံသာဝတယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၃ မိနစ်နှင့် ၈၄ မိနစ်တွင် အောင်မိုးထွေးက လည်းကောင်း၊ ပွဲချိန်မိနစ် ၇၀ တွင် သန်းတိုးအောင်ကလည်းကောင်း၊ ပွဲချိန် ၇၂ မိနစ်တွင် ကောင်းထက်အောင်က လည်းကောင်း၊ ပွဲချိန် ၈၆ မိနစ်တွင် ဇွဲမာန်သာကလည်းကောင်း၊ ပွဲချိန် ၉၃ မိနစ်တွင် နေမိုးနိုင်တို့က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ညနေ ၄ နာရီတွင် တက္ကသိုလ် အားကစားကွင်း၌ ဒဂုံစတားအသင်းနှင့် ဒဂုံ ပေါ့အသင်းတို့ကစားခဲ့ရာ တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဒဂုံပေါ့အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၃၈ မိနစ်တွင် မိုဂူအူက သွင်းယူပေးနိုင်ခဲ့ပြီး ဒဂုံစတားအသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၇၃ မိနစ်တွင် ဇော်ရဲထွန်း က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(D)အုပ်စုပွဲစဉ်များအဖြစ် ဧပြီလ ၂၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ပဒုမ္မာအားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် သစ္စာအားမာန်အသင်း၊ ညနေ ၄ နာရီတွင် တက္ကသိုလ် အားကစားကွင်း၌ ရက္ခပူရယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်