အနောက်အုပ်စု၏လက်နက်များတင်လာသည့်ရထားကို ရုရှားတိုက်ခိုက်
ယူကရိန်းတပ်ဖွဲ့များအတွက် အနောက်အုပ်စုကထောက်ပံ့ပေးထားသော လက်နက်များတင်လာသည့်ရထားကို ရုရှားကတိုက်ခိုက်လိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါရထားကို လေယာဉ်များ၊ ဒုံးကျည်များနှင့်အမြောက်များပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုရထားသည် ဒန်းညက်နယ်မြေကိုဖြတ်သန်းစဉ် ယခုကဲ့သို့တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရထားပေါ်တွင် စစ်လက်နက် ပစ္စည်းများအပြင် စစ်သုံးပစ္စည်းများလည်း ပါဝင်သည်။
အလားတူ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့များသည် အမေရိကန်ထုတ် M 777 ယာဉ်ဆွဲအမြောက်ငါးလက်ကို လည်းကောင်း၊ M102 ၁၀၅ မီလီမီတာ အပေါ့စားယာဉ်ဆွဲအမြောက်နှစ်လက်ကို လည်းကောင်း၊ ဗြိတိန်ထုတ် FH-70 ယာဉ်ဆွဲအမြောက်တစ်လက်ကိုလည်းကောင်း၊ အမေရိကန်က ဒီဇိုင်းရေးဆွဲထားသည့် ရေဒါတစ်ခုကိုလည်းကောင်း တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံသို့ အနောက်အုပ်စုမှ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းသည် ရုရှား၏ စစ်ရေး ရည်မှန်းချက်များကို ဟန့်တားနိုင်စေမည် မဟုတ်ကြောင်း၊ သို့သော် စစ်ပွဲကို ပိုမိုရှည်ကြာစေမည် ဖြစ်ကြောင်းနှင့် ရုရှား-NATO ထိပ်တိုက်တွေ့ဆုံနိုင်ခြေကို ပိုမိုမြင့်တက်စေမည်ဖြစ်ကြောင်း ရုရှားကသတိပေးထားသည်။
အနောက်အုပ်စုက ယူကရိန်းနိုင်ငံသို့ လက်နက်များထောက်ပံ့ပေးခြင်း၊ ထောက်လှမ်းရေး အချက်အလက်များ ဝေမျှပေးခြင်း၊ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခြင်းများ လုပ်ဆောင်နေခြင်းသည် ယခုပဋိပက္ခတွင် တိုက်ရိုက် ပါဝင်ပတ်သက်လာသည့် ပုံစံဖြစ်နေကြောင်း သိရသည်။
Ref:RT