ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

 

ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဧပြီ  ၂၇

 

ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁၅၂)ရပ်ကွက် အမှတ်(၂)လမ်းမကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)သို့သွားရောက်၍ ကျောင်းဝင်းအတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် စက်ယန္တရားကြီးများဖြင့် ရေစုကန်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးသည်။  

 ယင်းနောက်   ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ကျောင်းအဆောက်အအုံများနှင့် မလွတ်ကင်းသည့်  သစ်ပင်၊  သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း၊ အပြင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူ ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းများရှိ ရေစည်၊ ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည်  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လေးထောင့်ကန်ကျေးရွာအုပ်စု ထောင်တလုပ်ကျေးရွာနှင့် ကြာနီကန်ကျေးရွာတို့ကို ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်ခင်းကျင်းရန်ဆောင်ရွက်နေမှု၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၁၅၅၊ ၁၅၆ နှင့် ၁၅၇ ရပ်ကွက်တို့ကို ဆက်သွယ်သည့် ရှင်မတောင်လမ်းကို  ကွန်ကရစ်ခင်းကျင်းရန်ဆောင်ရွက်နေမှု၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၃၃)ရပ်ကွက်ဟံသာဝတီလမ်းရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အားဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှု၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၇) ရပ်ကွက် မဟာဗန္ဓုလလမ်းကွန်ကရစ်တိုးချဲ့ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များမှာကြားသည်။