မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ကျွန်တော်တို့အဖွဲ့ တောင်ခါးလယ် လောက်ကဖြတ်ပြီး ပိုက်တိုင်ကလေးတွေ စိုက်ထူကာ အမဲလိုက်ပိုက်ကို ကန့်လန့်ဖြတ်တန်းလိုက်ကြ၏။ ပိုက်တွင် အပေါ်ပိုကြိုးတန်း၊ အောက်ပိုကြိုးတန်းဟူ၍ ကြိုးခပ်ကြီးကြီး နှစ်ချောင်းပါသည်။ ပိုက်အစွန်းဖျား နှစ်ဖက်မှထွက်နေသော အပေါ်အောက် ဘယ်/ညာ ပိုကြိုးစလေးချောင်းကို သစ်ပင်တွေမှာ အသေချည်ထားလိုက်ကြသည်။ ပိုက်ကို ခပ်လျော့လျောလေးထားပြီး ပိုက်အပေါ်ပိုကြိုးနှင့် ပိုက်အောက် ပိုကြိုးကို သစ်သားချောင်းလေးများဖြင့် အရှင်ထောက်ထားရသည်။ အမဲကောင် ဝင်တိုးလျှင် ဒေါက်တိုင် သစ်သားချောင်းလေးများပြုတ်ပြီး အမဲကောင်ကို လုံးထွေးဖုံးအုပ် နေစေရန်ပင်ဖြစ်သည်။
အမဲကောင်များ ပိုက်တွင်ငြိထွေးနေခိုက် ချက်ကောင်းကိုပြေးရိုက်နိုင်ရန် သွက်သွက်လက်လက် လူငါးယောက်က သစ်သားတုတ်ကိုကိုင်ပြီး ချုံကွယ်က အသင့်စောင့်နေရသည်။ ပိုက်တန်းတိုလျှင်တော့ သုံးယောက်လောက်ပဲ လိုသည်။ ကျွန်တော်တို့အဖွဲ့တွင် ဖိုးချမ်း၊ စောလှ နှင့် ဖြူသီးတို့မှာ အမြဲတမ်း အမဲရိုက်သမား တွေဖြစ်ကြသည်။ တစ်ခါတလေ အတွေ့အကြုံရှိပြီးသား အမဲကောင်များသည် ပိုက်ရှေ့ရောက်လျက်နှင့် ဝင်မတိုးဘဲ လွတ်ရာလွတ်ကြောင်း ဘေးဘက်သို့ လျှံထွက် ပြေးသွားတတ်သည်လည်း ရှိသည်။ ဤအခြေအနေတွင် အမဲကောင်ပြန်ပြေးလာ သည့်လမ်းမှ နောက်ပြန်လှည့်ပြီး ပိုက်ကို ဝင်တိုးနိုင်အောင် ခြောက်လှန့်ပစ်ပေါက် နိုင်ရန်အတွက် ခဲလုံးများကို အဆင်သင့်ကိုင်ပြီး စောင့်နေရသူများမှာ ပိုက်အစွန်ဖျားနှစ်ဖက်တွင် တစ်ဖက်လျှင် နှစ်ယောက်စီလိုသည်။ သည်လူတွေကို "ခေါင်းခေါက်ထိုးသမား" ဟု ခေါ်သည်။ သည်တစ်ခါ ကျွန်တော်ခေါင်းခေါက်ထိုးသမား တာဝန်ကိုယူရသည်။ အမဲကောင် လာလမ်းအတိုင်း ပြန်ခေါက်လှည့်ပြီး ပိုက်ကိုဝင်တိုးစေရန် ခဲလုံးဖြင့်ပစ်ပေါက်ရသော အလုပ်ပင်ဖြစ်သည်။
အမဲလိုက်ရာတွင် ရေရေရာရာ ကျွမ်းကျင်မှုမရှိသူများက တောင်ခြေတောစပ်မှ ကိုယ့်ငန်းကိုယ်တာ တာဝန်ယူပြီး ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ပိုက်ရှိရာသို့ ပိုက် စိပ်တိုက်အော်ဟစ် ချီတက်ရသည်။ အမဲကောင်များ ကြောက်လန့်ပြီး ပိုက်တန်းရှိရာသို့ ဦးတည်ပြေးစေရန်အတွက် ပါးစပ်မနားတမ်း တဟေးဟေးနှင့် ငြာသံ ပေးကာ အော်ဟစ်ပေးရသည်။ အမဲလိုက်သူတို့၏ ငြာသံပေးသည့်အသံဗလံ များမှာ တောင်ယံတောလုံးပဲ့တင်ဖုံးနေ ပေ၏။
"ဟေး … ဟေး ... ဟေး … ဟေး"
"ဟေး...ဟေး...ဟေး...ဟေး"
အမဲလိုက်အဖွဲ့သားများ ငြာသံပေးပြီးအော်ဟစ်လာကြပါလေပြီ။ တစ်ချီပြီးတစ်ချီ ငြာသံပေးအော်ဟစ်သံများမှာ တောင်တန်းကြီး တစ်ခုလုံးကို သောသော ညံစေ၏။
"ဂန့် … ဂန့် …ဂန့် … ဂန့်"
သိပ်မကြာခင် တောကြီးအတွင်းမှ အမဲလိုက်ခွေးသံ ခပ်စူးစူး ထွက်ပေါ်လာ၏။ ခွေးမှာ အမဲကောင်နှင့်တွေ့လျှင် သာမန်ဟောင်သံမျိုးမဟုတ်ဘဲ တဂန့်ဂန့်အော် လေ့ရှိတတ်ကြသည်။
"ဟေ့ … ခွေးကြီးတော့ အမဲနဲ့တွေ့ပြီ ဟေ့"
တစ်ယောက်ယောက်က အော်ပြော လိုက်သည်။
"ဂန့် … ဂန့် …ဂန့် … ဂန့်"
ခွေးကတော့ ဟောင်မြဲတိုင်းဟောင် နေပြီ။ အမဲကောင်သည် ခွေးနှင့်တွေ့လျှင် ခြေဦးတည့်ရာ စွတ်ပြေးသည့်သဘော ရှိသည်။ ငြာသံပေးသူများမှာ ခွေးဟောင် သံနောက်သို့ တဟေးဟေးဖြင့် ခြေကုန်သုတ်ပြီး ပြေးလိုက်ကြရသည်။ ခွေးနှင့်အမဲကောင်တို့ လိုက်နေကြသံကြားလျှင် ငြာသံပေးသူတို့ ခွန်အားပိုပြည့်သွား တတ်ကြသည်။ အော်ဟစ်သံကိုလည်း သံကုန်မြှင့်ပြီးအော်ကြ၏။ ပိုက်စောင့်သမားများကလည်း ပိုက်နှင့်နီးလာလေ ပိုပြီးအာရုံစိုက်လေ ဖြစ်လာသည်။ ခေါင်း ခေါက်ထိုးသမားများကလည်း အမဲကောင် မိမိဘက်များ လျှံထွက်လာလေမလားဟု ခဲလုံးကို အသင့်အနေအထားကိုင်ပြီး တဆဆလုပ်ကာစောင့်ကြရ၏။
"ဂန့် … ဂန့် …ဂန့် … ဂန့်"
ခွေးကဟောင်ရင်း အတင်းလိုက်၏။
"ဟေး . . . လာပြီကွ ပြေးလာပြီ
ရိုက် . . . ရိုက် . . . ရိုက်"
"ဟေး . . . . ဟေး . . . . ဟေး . . . . ဟေး"
"ဟေး . . . . ဟေး . . . . ဟေး . . . . ဟေး"
"ဖြန်း . . . . ဖြန်း . . . . ဖြန်း . . . . ဖြန်း"
"ခလွတ် . . . . ခလွတ် . . . . ခလွတ်
. . . . ဖြန့်"
အမဲကောင်များ ပိုက်တိုးသံ၊ ပိုက်စောင့် ၏ရိုက်နှက်သံများသည် ပတ်ဝန်းကျင် တစ်ဝိုက် ဆူညံနေပေတော့သည်။ ဤအခြေအနေမှာ အမဲလိုက်ခြင်း အထွတ်အထိပ် ကာလပင်ဖြစ်ပေသည်။
"ဟေ့ . . . ဘညွန့် ခေါင်းခေါက်ပြန်ထိုး လိုက်ကွ မင်းဘက်ပြေးလာတယ်ဟေ့"
ပိုက်စောင့်ဆီမှ အသံတစ်သံက ကျွန်တော့်နားထဲသို့ စူးခနဲဝင်သွားသည်။ ကျွန်တော့်စိတ်အစဉ်သည် တဒင်္ဂအတွင်း အတိတ်၏ ဇာတ်ဝင်ခန်းတစ်ခုက အာရုံထဲ ချက်ချင်းဝင်ရောက်လာသည်။ ချေလိုက်ရာမှအပြန် ညီထွေးလေး သေဆုံးနေတာနှင့် သွားတိုက်ဆိုင်နေခဲ့ပုံပဲဖြစ်သည်။ ခုပဲ ချေလိုက်သံ၊ ချေရိုက်သံတို့၏ ဖြစ်ပျက်မှု ထဲတွင် အသက်ကလေးတစ်ချောင်း ချမ်းသာရာရရေးအတွက် အန္တရာယ်ကို သတိမထားနိုင်ဘဲ မိမိဆီသို့ ဦးတည် ပြေးလွှားလာနေသော ချေသူငယ်။ အမေ နှင့် သေကွဲကွဲခဲ့ရသော မိသားစုဘဝ၊ ညီထွေးလေးအတွက် ကြေကွဲခဲ့ရသော ပစ္စက္ခအခြေအနေ။ အတွေးများ၊ မြင်ကွင်းများသည် အသက်တစ်ချောင်း ချမ်းသာရာ ရရေးအတွက် မိမိဆီသို့ ဦးတည်ပြေးလွှား လာနေသော ချေသတ္တဝါ။
ကျွန်တော်သည် ခဲလုံးကိုင်ထားသော လက်ကို အားကုန်မြှောက်ပြီး လွှဲရိုက်ရမည့်အစား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားသောခဲလုံးကို လက်ထဲမှ အသာအယာ ဖြေလွှတ်ချလိုက်ပေတော့သည်။
"ဘေးလွတ်ရာသို့ ပြေးပေတော့ ချေ သူငယ်"
ကျွန်တော်၏အသံမှာ တိုးတိုးညင်းညင်းလေး ထွက်ပေါ်သွားပေတော့သည်။ ချေ သူငယ်ကား ကျွန်တော့်တာက ထွက်ပေါက်ရသွားပြီး တောနက်ရာသို့ ပြေးဝင်သွား ခဲ့လေပြီ။ ကျွန်တော်သည် တက်ကြွမှုမရှိ သောခြေလှမ်းများဖြင့် အသာအယာလှမ်းလာပြီး ပိုက်ရှိရာသို့ လှမ်းကြည့် လိုက်သည်။
ပိုက်နှင့်လုံးထွေးပြီး သွေးအိုင်ထဲတွင် သေဆုံးနေကြသော ချေသတ္တဝါ လေးကောင်၏ ဖြစ်ပျက်မှုမြင်ကွင်းတွေကိုကြည့်ပြီး ကျွန်တော့်ရင်ထဲတွင် ဆို့နင့် စွာခံစားသွားရသည်။
ပိုက်လိုက်သူတချို့က ချေငယ်ကို ထွက်ပြေးခွင့်ပေးလိုက်သော ကျွန်တော့် ကို အပြစ်တင်ကြ၏။ ကျွန်တော့်ကိုခင်ကြ သောစောလှ၊ ဖိုးချမ်းနှင့်ဖြူသီးတို့ကတော့ ကျွန်တော့်ဘဝကိုကိုယ်ချင်းစာပြီး အပြစ်တင်စကား မဆိုခဲ့ကြ။
"ဒီနေ့ရတဲ့ချေသား ငါ့အတွက် ဝေစု မချကြပါနဲ့ကွာ"
ကျွန်တော် အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
"မဟုတ်တာကွာ ဘာလို့မပေးရမှာလဲ"
"ဒီနေ့ ငါတာဝန်မကျေခဲ့ဘူး သူငယ် ချင်း"
ကျွန်တော့်စကားသံများသည် တစ်လုံးချင်း လေးလေးပင်ပင် ထွက်သွားခဲ့လေ တော့သည်။
"ဦးပြောသလို ကျွန်တော့်ဝက်ကို မရောင်းနိုင်ဘူးဗျ၊ ကျွန်တော့်မှာ ဒီဝက်နှစ်ကောင်ဟာ လက်ရွေးစင်ပဲ။ ဝက်အုပ် ရောင်းထုတ်တုန်းက စိတ်ကြိုက်ရွေးပြီးချန်ထားခဲ့တာ"
"မဟုတ်ဘူးကွာ ဦးတို့မှာ ကျေးရွာ အနေနဲ့ အရမ်းအခက်အခဲ ဖြစ်နေလို့ပါ၊ ခုရောက်နေတာက ခရိုင်ကော်မတီဝင်တွေလေ၊ ခရိုင်ဥက္ကဋ္ဌလည်းပါတယ်။ အဲဒါ တို့ရွာအနေနဲ့ ကောင်းကောင်းမွန်မွန် ဧည့်ခံချင်လို့ပါကွာ"
"ခက်ပါလားဗျာ ကျွန်တော့်မှာလည်း ဒီနှစ်ကောင်တည်းပဲရှိတော့တာဗျ"
"အဲဒီထဲက တစ်ကောင်ပေါ့ကွာ၊ မင်းဆီကမရရင် ဦးတို့ရွာ မျက်နှာပျက်ကြတော့မှာ"
ဆက်လက်ဖော်ပြပါမည်။