နိုင်ငံတော်အကြီးအကဲရဲ့ သြဝါဒခံယူမှုကတစ်ဆင့် ဘဝမှာသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ၊ လိုက်နာရမယ့် စိတ်နေစိတ်ထားတွေကို သိရှိခဲ့ရပါတယ်
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ၅၅၄ ဦးတို့အား ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တွေ့ဆုံကာ သြဝါဒစကားမြွက်ကြားခဲ့သည်။
ထို့ပြင် လူရည်ချွန်မောင်မယ်များ အသိပညာ၊ အတတ်ပညာများ တိုးပွားစေပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု ပြခန်းများကို ခင်းကျင်းပြသထားရှိရာ လူရည်ချွန်မောင်မယ်များ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြသည်။
ထို့ကြောင့် အခမ်းအနားသို့တက်ရောက်လာကြသည့်တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များနှင့်တွေ့ဆုံ၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ သြဝါဒမြွက်ကြားခဲ့မှုအပေါ် ရရှိခဲ့ကြသည့် အသိပညာဗဟုသုတများနှင့် ပြခန်းများ ခင်းကျင်းပြသမှုအပေါ် ၎င်းင်းတို့၏ဝမ်းသာပီတိစကားသံများကို တွေ့ဆုံမေးမြန်းရေးသားလိုက်ရပါသည်-
ဒေါက်တာစိုးဝင်း(အမြဲတမ်းအတွင်းဝန်၊ပညာရေးဝန်ကြီးဌာန)
ဒီနှစ်မှာနေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက လူရည်ချွန် စုစုပေါင်း ၅၅၄ ဦး ရွေးချယ်ခဲ့ပါတယ်။အရွေးချယ်ခံရတဲ့ လူရည်ချွန်တွေဟာ အခြေခံပညာအဆင့်က လူရည်ချွန်တွေပဲ ဖြစ်ပါတယ်။ ဒီလူရည်ချွန်တွေမှာအတန်းပညာအားဖြင့် နဝမတန်း၊ ဒသမတန်း၊ ဧကာဒသမတန်းနဲ့ ဒွါဒသမတန်းတွေ ပါဝင်ပါတယ်။ လူရည်ချွန်တွေ ရွေးချယ်တဲ့အခါ စာတော်ရုံတင်မက ဗဟုသုတပိုင်းမှာလည်း ကြွယ်ဝရပါမယ်။ အားကစားပိုင်းမှာလည်း ထူးချွန်ရပါမယ်။ အခုရွေးချယ်ခဲ့တဲ့ လူရည်ချွန်တွေဟာ ဘက်စုံထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေပဲဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့ဘဝကိုလျှောက်လှမ်းတဲ့အခါမှာ စာတော်ရုံတင်မက ပေါင်းသင်းဆက်ဆံရေးလည်း ကျွမ်းကျင်ရပါမယ်။
လူရည်ချွန်တွေ စခန်းတွေကို လေ့လာရေးသွားတဲ့အခါမှာလည်း အသိပညာဗဟုသုတတွေနဲ့ ဒေသန္တရ ဗဟုသုတများစွာ ရရှိလာကြမှာ ဖြစ်ပါတယ်။ နောက်ပြီးတိုင်းပြည်နဲ့ လူမျိုးချစ်စိတ်တွေလည်း တိုးပွားလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လက်ရှိတော့ လူရည်ချွန်တွေကို နေပြည်တော်စုရပ်စခန်းမှာ စုစည်းပြီး နေပြည်တော်က အထင်ကရနေရာတွေကို လေ့လာရေး ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီနေ့လိုအခမ်းအနားတွေ ပြုလုပ်ပေးခြင်းအားဖြင့် လူငယ်တွေအတွက် အသိပညာပိုင်းရော၊ ဉာဏ်ပညာပိုင်းရော
ပြည့်စုံသွားမှာဖြစ်ပါတယ်။ ဒီလိုပြည့်စုံသွားရင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
မောင်အောင်ကောင်းပြည့် (ဒွါဒသမတန်း၊ သုံးထပ်ကွမ်းလူရည်ချွန်၊ ရန်ကုန်တိုင်းဒေသကြီး)
ကျွန်တော်က လူရည်ချွန် သုံးထပ်ကွမ်းအထိ ရရှိအောင် ငယ်ငယ်ကတည်းက လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ ကာယကြံ့ခိုင်မှုနဲ့ အကျင့်စာရိတ္တကောင်းမွန်စေဖို့အတွက် သင်ယူခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ သြဝါဒခံယူမှုက လူရည်ချွန်မောင်မယ်တွေအားလုံးအတွက် အလွန်အရေးပါလှပါတယ်။ ကျွန်တော်တို့က အနာဂတ်မှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို ပခုံးလွှဲပြောင်းတာဝန်ယူရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် နိုင်ငံတော်အကြီးအကဲရဲ့ သြဝါဒခံယူမှုကတစ်ဆင့် ဘဝမှာသိသင့်သိထိုက်တဲ့အကြောင်းအရာတွေ၊ လိုက်နာရမယ့် စိတ်နေစိတ်ထားတွေကို သိရှိခဲ့ပါတယ်။ ဝန်ကြီးဌာနတွေရဲ့ ပြခန်းတွေက ကျွန်တော်တို့အတွက် အကျိုးကျေးဇူး အများကြီးရရှိစေပါတယ်။ လူရည်ချွန်မောင်မယ်တွေအားလုံး ဝန်ကြီးဌာနတစ်ခုချင်းစီနဲ့ သက်ဆိုင်တဲ့ ဆောင်ရွက်ချက်တွေကို သိရှိစေနိုင်တဲ့အတွက် အသိပညာဗဟုသုတရရှိစေတဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ်။
ကျွန်တော်က အနာဂတ်မှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို တစ်ဖက်တစ်လမ်းကနေ တာဝန်ယူနိုင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြခန်းမှာဆိုရင် စီနီယာ လူရည်ချွန် ဆေးကျောင်းသား အစ်ကို၊ အစ်မတွေဆီက သိချင်တဲ့မေးခွန်းလေးတွေမေးဖြစ်ပါတယ်။ ညီလေး၊ ညီမလေးတွေ လူရည်ချွန်ဆိုတဲ့ ဂုဏ်ကိုထိန်းသိမ်းဖို့အတွက် လူရည်ချွန်ကျင့်ဝတ်လေးတွေကို လိုက်နာပြီး နိုင်ငံ့သားကောင်းတွေဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
မောင်သာထက်(ဒွါဒသမတန်း၊ လူရည်ချွန်၊ မန္တလေးတိုင်းဒေသကြီး)
ကျွန်တော် လူရည်ချွန်တစ်ယောက်ဖြစ်ဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကိုယ်ကာယ ကြံ့ခိုင်မှု၊ အထွေထွေ ဗဟုသုတတွေကို ကြိုးစားခဲ့ရပါတယ်။ ဒီနေ့ သြဝါဒခံယူပွဲက ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။ ကျွန်တော်တို့ လူငယ်တွေအပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေရဲ့ အဆိုအမိန့်တွေဆိုတာက တန်ဖိုးထားထိုက်တဲ့ စကားတွေဖြစ်တဲ့အတွက် နားထဲစွဲမြဲနေအောင် မှတ်သားထားပါတယ်။ ဝန်ကြီးဌာနတွေရဲ့ ပြခန်းတွေကလည်း ကျွန်တော်တို့ရဲ့ အသိပညာတွေတိုးပွားဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်က ပြခန်းတွေထဲမှာ သမဝါယမပြခန်းကို ပိုပြီးစိတ်ဝင်စားပါတယ်။ ကျွန်တော်က အနာဂတ်မှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့အတွက် ကျန်းမာရေးပြခန်းကိုလည်း လေ့လာဖြစ်ပါတယ်။ အဲဒီပြခန်းတွေကို လေ့လာပြီး အနာဂတ်မှာ ကျွန်တော်တို့ လူငယ်တွေ ဘယ်လိုပါဝင်အားဖြည့်ရမယ်။ လူငယ်တွေရဲ့အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတာကို သိရှိရပါတယ်။ ညီလေး၊ ညီမလေးတွေအနေနဲ့ လူရည်ချွန်တစ်ယောက် ဖြစ်အောင်ကြိုးစားပါ။ နိုင်ငံတော်ရဲ့ သားကောင်းရတနာတစ်ယောက် ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
မသီရိထွန်း(ဧကာဒသမတန်း၊ နှစ်ထပ်ကွမ်း လူရည်ချွန်၊ မန္တလေးတိုင်းဒေသကြီး)
ဒီနေ့အခမ်းအနားကို တက်ရောက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ သြဝါဒစကားကို နားထောင်ခွင့်ရတဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ သြဝါဒစကားကိုခံယူပြီး နောင်တစ်ခေတ်ရဲ့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေမှာ တစ်ထောင့်တစ်နေရာကနေ ကြိုးစားပါဝင်သွားမှာဖြစ်ပါတယ်။ နိုင်ငံ့သားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ခံယူချက်ထားပါတယ်။ ဝန်ကြီးဌာနအလိုက် ပြခန်းတွေကို လေ့လာခွင့်ရတဲ့အတွက်လည်း ဗဟုသုတတွေများစွာရရှိခဲ့ပါတယ်။ နည်းပညာဆိုင်ရာ ပြခန်းတွေကို လေ့လာခွင့်ရတဲ့အတွက်လည်း တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ နည်းပညာအသစ်အဆန်းတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ လူရည်ချွန်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ကာယပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာတွေမှာ အားလုံးပြည့်စုံနေမှ လူရည်ချွန်ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူရည်ချွန်ဖြစ်ဖို့ဆိုရင် ငယ်ငယ်ကတည်းက အစဉ်မပြတ်ကြိုးစားနေရမှာဖြစ်ပါတယ်။
မဆုရည်ဝင်းထက်(ဒွါဒသမတန်း၊ လူရည်ချွန်၊ မကွေးတိုင်းဒေသကြီး)
ဒီနေ့အခမ်းအနားကို ကျွန်မအနေနဲ့ ပထမဆုံးတက်ရောက်ဖူးတာဖြစ်တဲ့အတွက် အလွန်ကို စိတ်လှုပ်ရှား မိပါတယ်။ နောက်ပြီး နိုင်ငံတော်အကြီးအကဲရဲ့ သြဝါဒကိုခံယူရတဲ့ အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ သြဝါဒဆုံးမစကားတွေဟာ ကျွန်မတို့ ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာဗဟုသုတတွေလည်း ရရှိခဲ့ပါတယ်။ ဝန်ကြီးဌာနပြခန်းတွေမှာလည်း နည်းပညာအသစ်အဆန်းတွေနဲ့ ကဏ္ဍပေါင်းစုံလင်စွာ ပါဝင်တဲ့အတွက် စုံစုံလင်လင် လေ့လာခွင့်ရခဲ့ပါတယ်။
လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ကျောင်းစာတွေကို သေချာကြိုးစားရတဲ့အပြင် ပြင်ပဗဟုသုတတွေကိုလည်း အမြဲမပြတ်လေ့လာခဲ့ရပါတယ်။ နောင်မျိုးဆက်သစ်တွေအနေနဲ့လည်း ကျောင်းစာအပြင် ဘက်စုံထူးချွန်အောင် လေ့ကျင့်သင်ကြားပြီး လူရည်ချွန်ဖြစ်အောင် ကြိုးစားကြစေလိုပါတယ်။
မမြင့်မြတ်ကြည်(ဒွါဒသမတန်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်၊ စစ်ကိုင်းတိုင်းဒေသကြီး)
ကျွန်မအနေနဲ့ နှစ်ထပ်ကွမ်းလူရည်ချွန်အဖြစ် နိုင်ငံတော်အကြီးအကဲရဲ့ သြဝါဒခံယူပွဲကို တက်ရောက်ခွင့် ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ ဝန်ကြီးဌာနအလိုက် ပြခန်းတွေကို ကြည့်ရှုခွင့်ရတဲ့အတွက် လည်း ပြင်ပဗဟုသုတများစွာရရှိပါတယ်။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ အိမ်ကမိသားစုက အများကြီး ထောက်ပံ့ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အထွေထွေဗဟုသုတတိုးပွားစေဖို့ သတင်းစာတွေဖတ်ပါတယ်။ ရုပ်မြင်သံကြားကလာတဲ့ သတင်းတွေကိုလည်း အမြဲမပြတ်ကြည့် ဖြစ်ပါတယ်။ ကျောင်းစာထူးချွန်အောင်လည်း ကြိုးစားခဲ့ရပါတယ်။ ကိုယ်ကာယပိုင်းကြံ့ခိုင်အောင်လည်း သေချာလေ့ကျင့်ခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေကလည်း ဂရုတစိုက်နဲ့ သင်ကြားပေးခဲ့ပါတယ်။ လူရည်ချွန်ဖြစ်ရတာ များစွာဂုဏ်ယူစရာ ကောင်းတဲ့အတွက် မောင်လေး၊ ညီမလေးတို့အနေနဲ့ ကြိုးစားကြပါလို့ အားပေးလိုပါတယ်။
နော်မိုးကဗျာမောင်(ဒသမတန်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်၊ ကရင်ပြည်နယ်)
နိုင်ငံတော်က ကျွန်မတို့လူရည်ချွန်မောင်မယ်တွေအတွက် ကျင်းပပေးတဲ့ အခမ်းအနားကို တက်ရောက် ရတဲ့အတွက် များစွာပျော်ရွှင်ဝမ်းမြောက်မိပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိသလို နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း အထူးပင် ကျေးဇူးတင် ရှိပါတယ်။ ကျွန်မတို့ လူရည်ချွန်တွေ အသိပညာတိုးပွားအောင် ဝန်ကြီးဌာနပြခန်းတွေ ခင်းကျင်းပြသပေး တဲ့အတွက်လည်း ဗဟုသုတများစွာရရှိခဲ့ပါတယ်။ ပြခန်းတာဝန်ရှိသူတွေကလည်း ကဏ္ဍအလိုက် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အားလုံးကို ရှင်းလင်းပြောကြားပေးတဲ့အတွက်လည်း သေချာ သိရှိခွင့်ရခဲ့ပါတယ်။ လူရည်ချွန်ဆိုတာ အဘက်ဘက်က ထူးချွန်ရမှာဖြစ်ပါတယ်။ အားနည်းချက်မရှိအောင်ကို ကြိုးစားခဲ့ရပါတယ်။ လူရည်ချွန်ဖြစ်ချင်တဲ့ မောင်လေး၊ ညီမလေးတွေကြိုးစားကြပါ။ တစ်ခါတလေမှာ စိတ်ပင်ပန်းမှုတွေ၊ ကျရှုံးချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီစိတ်တွေကို အကောင်းဆုံးကျော်လွှားပြီး ကြိုးစားကြပါ။ လူရည်ချွန်ဖြစ်ဖို့ဆိုရင် စိတ်ဓာတ်ခိုင်မာရပါမယ်။ ဒါကြောင့် ကိုယ့်တိုင်းဒေသကြီးနဲ့ ပြည်နယ်ဂုဏ်ကိုဆောင်နိုင်မယ့် လူရည်ချွန်ဖြစ်အောင် ကြိုးစားကြစေလိုပါတယ်။ ။
တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်
ဓာတ်ပုံ-နော်ပြည့်စုံ