မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲဝင်များအား  ဂုဏ်ပြုငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

တောင်ကြီး  အောက်တိုဘာ    ၃

    ၂၀၂၄  ခုနှစ်  (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) သို့ ကယားပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်    ပြိုင်ပွဲဝင်များအား   ဂုဏ်ပြုငွေ ပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာလ  ၂    ရက် နံနက်ပိုင်းတွင်  ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ    တောင်ကြီးပညာရေး ဒီဂရီကောလိပ်  ကမ္ဘောဇဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ   ကယားပြည်နယ်ဝန်ကြီးချုပ်  ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက ယခုနှစ်တွင် ကယားပြည်နယ် အနေဖြင့် ဘာသာရပ်လေးခုလုံး၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အင်အား ၁၁၇ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊   အဆို  ကိုးဦး၊  အက  ၆၁ ဦး၊ အရေးတစ်ဦး၊ အတီး ၄၆ ဦးဖြစ်ကြောင်း၊ ယခင်နှစ်က ရွှေသုံးဆု၊  ငွေလေးဆု၊   ကြေးခုနစ်ဆု၊  နှစ်သိမ့်ဆုနှစ်ဆု စုစုပေါင်း ဆုတံဆိပ် ၁၆ ဆု နှင့် အဆင့်  ၁၁   နေရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဆုတံဆိပ်များစွာ ရရှိအောင် ကြိုးစားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက အောင်နိုင်ရေးအလံအား ပေးအပ်ရာ ပြည်နယ်အောင်နိုင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင်  ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်က လက်ခံရယူပြီး ကယားပြည်နယ် အစိုးရအဖွဲ့မှ (ဗဟိုအဆင့်) ပြိုင်ပွဲ သွားရောက်ရန်အတွက် ထောက်ပံ့ငွေကျပ် ၅၀၇ သိန်းအား ကယားပြည်နယ် စီးပွားရေးရာဝန်ကြီးက ပေးအပ်ရာ  ဒုတိယအဖွဲ့ခေါင်းဆောင်ဒေါ်မြင့်မြင့်သန်းနှင့် ကထိက ဒေါ်သီတာညွန့်မောင်တို့က လက်ခံရယူသည်။

ဆက်လက်၍ ပြည်နယ်အစိုးရ အဖွဲ့မှ ပြိုင်ပွဲဝင်များအတွက်  ဂုဏ်ပြုငွေကျပ်    ၉၅  သိန်းအား  စီးပွားရေးရာ ဝန်ကြီးက ပေးအပ်ရာ ပြိုင်ပွဲဝင်နှစ်ဦးက လက်ခံရယူကြောင်း သိရသည်။