ရှမ်းပြည်နယ်အတွင်း ရေဘေးသင့်ဒေသများရှိ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း သွားရောက်ကြည့်ရှု
နေပြည်တော် အောက်တိုဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသော ဟဲယာရွာမတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား အားပေးစကား ပြောကြားခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၏ ရေနစ်မြုပ်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခြင်းတို့ကိုဆောင်ရွက်ကာ ဟဲယာရွာမဓမ္မဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသော ယာယီဆေးခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နန်းပန်တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနတို့တွင် ရေများဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြင်ပလူနာဌာန(ယာယီ) ဖွင့်လှစ်ထားရှိသော နောင်ကန်ကျောင်းတိုက်သို့ ရောက်ရှိကာ ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်၍ လူနာများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ ရွှေရေကျ ဘုန်းတော်ကြီးကျောင်း၌ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး တောင်ကြီးမြို့တို့မှ သမားတော်၊ စိတ်ကျန်းမာရေး၊ ကလေး၊ သားဖွားမီးယပ် အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့မှ အထူးကု ကွင်းဆင်းကုသနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်သူ့ဆေးရုံ(ညောင်ရွှေမြို့) သို့ရောက်ရှိပြီး ဆေးရုံအတွင်း လက်ရှိ ရေဝင်ရောက်ဆဲအခြေအနေ၊ ရေလွတ်ရာအဆောင်၌ အတွင်းလူနာများ ထားရှိကုသပေးနေမှု၊ ခွဲစိတ်ခန်းလုပ်ဆောင်နေမှု၊ ဆေးပစ္စည်းများ ရွှေ့ပြောင်းထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်သည်။
ညနေပိုင်းတွင် ရွှေညောင်တိုက်နယ်ဆေးရုံသို့သွားရောက်ပြီး တိုက်နယ်ဆရာဝန်နှင့် ဆေးရုံဝန်ထမ်းများ၏ ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။