ဆရာသည်သာ အခရာ

 

ဆရာသည်သာ အခရာ

 

    မျက်မှောက်ခေတ်ကာလကို ပညာခေတ်ဟု လက်ခံထားကြသည်။ ကမ္ဘာနှင့်အဝှမ်း ပညာ၏အစွမ်းဖြင့် ပြောင်းလဲတိုးတက်မှုများသည် အချိန်နှင့်တစ်ပြေးညီ အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းလာသည်။ ထိုပညာရပ်များကို အသုံးချနေသူများမှာ လူသားရင်းမြစ်များပင် ဖြစ်သည်။ လူသားရင်းမြစ်များ ဖွံ့ဖြိုးလာအောင် အသိပညာ၊ အတတ်ပညာများ သင်ကြား၍အဓိက စွမ်းဆောင်ပေးနေသူတို့ကား  အာစရိယဆရာများပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ်လူသား ရင်းမြစ်များကို ပြုစုပျိုးထောင်ပေးရာ၌ အခရာကျသူမှာ ဆရာပင်ဖြစ်သည်။ အခရာကျသော ဆရာ၏ ပြုစုပျိုးထောင် စွမ်းဆောင်ပေးချက်မြင့်မားလေ အနာဂတ်နိုင်ငံအတွက် အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်လေဖြစ်သည်။

ဆရာဟူသောဝေါဟာရကို မြန်မာအဘိဓာန်တွင်

(၁) ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ

(၂) အတတ်၊လုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ

(၃)ယဉ်ကျေးသမှုဖြင့်ခေါ်သော စကားလုံးဟူ၍ အနက်ဖွင့်ဆိုထားသည်။

    ကျွန်ုပ်တို့ ဆိုလိုသည့်ဆရာမှာ ပညာသင်ကြားပေးရာတွင် အခရာကျသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြရာတွင် အခရာကျသူ ကျောင်းဆရာပင်ဖြစ်သည်။ ထိုဆရာကပင် တပည့်များကို ကျောသားရင်သားမခွဲခြားဘဲ စေတနာတစ်ပြေးညီနှင့် သင်ကြားလမ်းညွှန်ပေးသည်။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့”ဟူသည့် ဆရာ့ဝတ်ငါးပါးနှင့်အညီ မခြွင်းမချန်သင်ကြား၍ တပည့်တို့လျှောက်လှမ်းရမည့် အနာဂတ်လမ်းကို လမ်းပြပို့ဆောင်ပေးနိုင်သည်။ ထို့ကြောင့် တပည့်တို့အတွက် စေတနာ၊ မေတ္တာ၊ အနစ်နာနှင့်ကြိုးပမ်း စွမ်းဆောင်ပေးသော ဆရာ့လုပ်ဆောင်ချက်မှန်သမျှသည် တပည့်တို့၏ ဘဝအောင်မြင်ရေး၌ များစွာအခရာ ကျလေသည်။

မြန်မာမှုတွင် “ဆရာမပြ၊ နည်းမကျ”၊ “ဆရာမသင် ငါးပိဖုတ်ပင်မတတ်”ဟု ဆိုကြသည်။ မှန်ပါသည်။ မည်သည့်ပုဂ္ဂိုလ်မဆို ဆရာ၏ သွန်သင်ညွှန်ပြမှုဖြင့်သာ လမ်းမှန်ကိုလျှောက်လှမ်းနိုင်သည်။ ရေကန်တွင် ကြာရှိမှတင့်တယ်သကဲ့သို့  ဤလောက ဇမ္ဗူဝယ်ဆရာ၏အခရာကျသော   သင်ကြားမှုဖြင့်သာ အောင်မြင်တင့်တယ်မှုကို လူတိုင်းရကြသည်။ ဆရာသည် သင်ကြားပြသရာ၌ ပညာသားပါလှသည်။

ရှေးအစဉ်အလာကောင်း အသိပညာ၊ အတတ်ပညာများကို သယ်ဆောင်လာ၍ မျက်မှောက်ခေတ် ပညာများနှင့် ဆက်စပ်ပေးရာ၌ ဆရာက အခရာကျကျ လမ်းပြပေးနိုင်သည်။ အရာရာကို အမှား၊ အမှန် ဝေဖန်ပိုင်းဆ နည်းလမ်းပြလျက် ကောင်းကျိုးတစ်စုံတစ်ရာရအောင် လမ်းညွှန်ပေးနိုင်သည်။ သူတစ်ပါးရင်မှ မွေးဖွားသော သားသမီးများကို မိမိရင်မှမွေးဖွားသော သွေးသားရင်းပမာ သဘောထား၍ အနစ်နာခံကာ ဆိုဆုံးမတတ်ပုံကို “ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” ဟူ၍ မဃဒေဝလင်္ကာသစ်တွင် မန်လည်ဆရာတော်ကြီးက ရေးဖွဲ့ထားရာ တပည့်ဘဝကို ပြုပြင်ပေးသော ဆရာ၏အခန်းကဏ္ဍသည် မည်မျှအခရာကျမြင့်မြတ်လှကြောင်း သိမြင်နိုင်သည်။

တပည့်တို့အပေါ်တွင် သွန်သင်ညွှန်ပြသော ဆရာ၏ အဆိုးအကောင်းစိတ်ထားအပေါ် မူတည်၍ တပည့်တို့၏ အနာဂတ်ဘဝ ပြောင်းလဲသွားတတ်သည်။

ငါးရာ့ငါးဆယ်နိပါတ်တော်လာ သံဝရဇာတ်တွင် သံဝရမင်းသားသည် ဆရာအမတ်ကြီး၏ သွန်သင်ဆုံးမမှုကို တိကျစွာ လိုက်နာခဲ့သောကြောင့် နောင်တော် ကိုးဆယ့်ကိုးပါးကို ကျော်ကာ ထီးနန်းစည်းစိမ်ကို ရရှိခဲ့သည်။ တစ်ဖန်မြန်မာ့သမိုင်းတွင် ပဉ္စမသင်္ဂါယနာတင် မင်းကြီးအဖြစ် ထင်ရှားလာမည့် မင်းတုန်းမင်းကြီး ငယ်စဉ် “မောင်လွင်”ဟူသော ကျောင်းသားဘဝက ငါးခြောက်ပြား  ပျောက်သည်ကို အကြောင်းပြု၍ ဆရာတော်က ရိုက်နှက်ဆုံးမသွန်သင်ခဲ့သည်။ ထိုသို့ဆုံးမမှုကိုခံယူကာ ကျိုးနွံစွာကြိုးစားခဲ့မှုကြောင့် သမိုင်းတွင် ထင်ရှားသော မင်းကြီးတစ်ပါးဖြစ်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ အကယ်၍ ဆရာ၏ သွန်သင်ဆုံးမမှုသာ မခံခဲ့ရပါလျှင် ထိုကဲ့သို့အောင်မြင်မြင့်မြတ်သော ဘဝကိုရပါမည်လားဟူ၍ စဉ်းစားစရာဖြစ်သည်။ ဤမျှအခရာကျသော ဆရာ၏ သွန်သင်ဆုံးမမှုများသည် မိမိ၏တပည့်အပေါ် နစ်နာစေလိုသော စိတ်ထားယုတ်မရှိဘဲ   ကောင်းမြတ်သော မေတ္တာ၊ စေတနာဖြင့်သာဖြစ်ကြောင်း “အိုးထိန်းတို့မှာ၊ အိုးခတ်ရာတွင်၊ ကွဲငှာမခတ်၊ အတတ်ပညာ၊ သင်ပေးခါလည်း၊ ဆရာတို့ကား၊ တပည့်သားကို၊ မုန်းထား၍သာ၊ မဟုတ်ပါဘဲ၊ တတ်ရှာစေချင်၊ ရိုက်ပုတ်သင်ရှင့်”ဟူ၍   ကဗျာစာဆိုတို့က   ရေးသားဖွင့်ဆိုခဲ့ကြသည်။

ဆရာ့စေတနာဆိုးလျှင်ကား တပည့်ဘဝ တိမ်းမှောက်ရကြောင်း အင်္ဂုလိမာလဇာတ်တွင် တွေ့နိုင်သည်။ ဒိသာပါမောက္ခဆရာကြီး၏ စေတနာဆိုးနှင့် စေခိုင်းလမ်းညွှန်မှုကို နာယူဆောင်ရွက်ခဲ့ရသဖြင့် တွေ့သမျှလူတို့၏ လက်ညှိုးကိုဖြတ်၍ လူမိုက်ကြီးဖြစ်ခဲ့ရသော အင်္ဂုလိမာလ၏ အဖြစ်ကို ဆင်ခြင်နိုင်ပေသည်။ ဆရာသွန်သင်မှားမှုကြောင့် ကျေးဇူးရှင်မိခင်ကိုပင် သတ်ဖြတ်တော့မည့် အခြေအနေတွင်မြတ်စွာဘုရားရှင်က လမ်းမှန်ညွှန်ပြ တရားချခဲ့သဖြင့် သံသရာမှကျွတ်တမ်း ဝင်သွားခဲ့သည်။ အကယ်၍သာ မြတ်စွာဘုရားတည်းဟူသော ဆရာသခင်က အချိန်မီ လမ်းမှန်ညွှန်ပြမှုမပြုနိုင်ခဲ့လျှင် အင်္ဂုလိမာလ၏ ဘဝသည် အနန္တကျေးဇူးရှင်ကို သတ်မှုဖြင့် အဝီစိငရဲတွင် ချိုးကပ်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဆရာသည် ပညာကိုသင်ရုံသာမက လူကိုပြုပြင်ရာ၌လည်း အခရာကျလွန်းသော ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။

ယနေ့လူ့အဖွဲ့အစည်းတွင် ဆရာ့အတတ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများကို တွေ့မြင်ကြပေလိမ့်မည်။ ထိုဆရာများသည် အနန္တောအနန္တ ငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ အာစရိယဆိုသည့် ထိုဆရာများထံသို့ မိမိတို့၏သားသမီးများကို ယုံကြည်စွာအပ်နှံထားကြပေသည်။ ဤသို့ကြီးမြတ်လှသည့် ဆရာပုဂ္ဂိုလ်များကို မြန်မာ့လူ့အဖွဲ့အစည်းတွင် ပူဇော်ထိုက်သူများဟု သတ်မှတ်ထားကြသည်မှာ ဆရာ၏ အခရာကျမှုကို  ဂုဏ်ပြုခြင်းဖြစ်သည်။

ဆရာသည် အဂတိတရားကင်းစင်ရန် လိုအပ်သည်။ မိမိတပည့်သားတို့အား  အဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ ခွဲခြားခြင်းကင်းရသည်။

ရင်ဝယ်သားကဲ့သို့ တစ်တန်းတစ်စားတည်း ဆက်ဆံတတ်သူဖြစ်ရမည်။ တပည့်တို့၏ နောက်ခံလူမှုဘဝ အခြေအနေကိုလည်း သိနားလည်အောင် အားထုတ်ရသည်။ အားပေးနှစ်သိမ့်ခြင်း၊ ကူညီပံ့ပိုးခြင်း၊ စာနာခြင်းတို့ဖြင့် ပညာသင်ကြားရာတွင် အခက်အခဲဆူးငြောင့်ခလုတ်များကို ဖယ်ရှားနိုင်ကောင်းသည်။

ဆရာသည် တပည့်အား စာသာမကယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊   မျိုးချစ်စိတ်၊  တိုင်းပြည်ချစ်စိတ်တို့ကိုလည်း သွတ်သွင်းပေးရသည်။ ပတ်ဝန်းကျင်နှင့် သဟဇာတရှိရှိ   နေတတ်၊   ထိုင်တတ်၊ ပေါင်းသင်းတတ်အောင်လည်း သင်ကြားပေးနိုင်ရသည်။ ဆရာသည် စာကိုသာမဟုတ်၊ စိတ်ကိုပါသင်ကြားပေးရသည်။ ထို့ကြောင့် ဆရာသည်သာ အခရာအကျဆုံးဖြစ်ပေသည်။

ဆရာသည်ခေတ်နှင့် လျော်ညီသော၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် တပည့်များကို လမ်းပြနိုင်ရမည်။ ထိုသို့လမ်းပြနိုင်ရန် ဆရာသည်“တက်ကိုလည်း ပြင်တတ်စေ၊ ရွက်ကိုလည်း ဆင်တတ်စေ”ဟူသောစကားအတိုင်း  “အစဉ်အသင့်၊ အဆင်သင့်”ဖြစ်နေရမည်။ ဆိုလိုသည်မှာ ဆရာကိုယ်တိုင်က စည်းကမ်းပညာပြည့်ဝသော   ဆရာဖြစ်မှသာ တပည့်များကို မှန်မှန်ကန်ကန် လမ်းပြပေးနိုင်သော အခရာကျသော ဆရာဖြစ်ပေမည်။ သို့မဟုတ်ဘဲ ကျောင်းသို့မှန်မှန်မရောက်သော၊  အတန်းမှန်မှန် မဝင်သော၊  ဝတ်စားဆင်ယင်ပုံ စည်းကမ်းမလိုက်နာသော၊ သန့်ရှင်းရေး သာယာရေးကို ဂရုမစိုက်သော၊ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးမထားသော၊ နိုင်ငံတော် ကိုချစ်မြတ်နိုးမှု အားနည်းသော၊ နိုင်ငံတော်သီချင်း ဆိုချိန်အမှုမထား၊ မတ်တတ်မရပ်သော  ထိုထိုသော ဆရာတို့၏ လမ်းညွှန်သွန်သင်မှုသည် မည်သို့အခရာ ကျလေမည်နည်း။ တပည့်များအတွက် အစစအရာရာ အခရာကျသော ဆရာသည်ကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသူဖြစ်ရမည်။ ဆရာက ကွမ်းစားပြီး တပည့်များကို ကွမ်း၏ဆိုးကျိုးကို  ပြောပြသူမဖြစ်ရ။ ဆရာကဆေးလိပ်သောက်ပြီး ဆေးလိပ်၏ ဆိုးကျိုးကို ရှင်းပြသူမဖြစ်သင့်။ ဆရာသည် တပည့်များကို “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နှင့်”ဟု ပြောဆိုသွန်သင်နေ၍ မဖြစ်ပါ။ မိမိကိုယ်တိုင် ကောင်းမွန်ပြည့်စုံအောင် စံပြနေထိုင်ပြီးမှ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုလုပ်”ဟုပြောဆိုနိုင်သောဆရာသာ တပည့်တို့အတွက် အခရာကျသော ပုဂ္ဂိုလ်ဖြစ်လေသည်။

တပည့်တို့အတွက် အခရာကျသောဆရာသည် မိမိ၏ အရည်အသွေးများကို အမြဲမြှင့်တင်နေရမည်။ဆရာသည် မိမိ၏အရည်အသွေးကို  မြှင့်တင်ရာ၌ “စရည်းအိုးခွက်၊ ကြီးစွာလျက်လည်း၊ တစ်စက်ကျများ၊ ပြည့်သောလားသို့” ဟူသည့်အတိုင်း ပညာခေတ်၏ များပြားလှသော အသိပညာ၊ အတတ်ပညာများကို တဖြည်းဖြည်း အဆက်မပြတ်ရှာဖွေစုဆောင်းရမည်။ တစ်ဖန် ဆရာသည် ခေတ်နှင့်မညီသော အယူအဆ၊ အစွဲအလမ်းများ၊ အတွေးအခေါ်မှားများကို စွန့်ပယ်ရမည်။ ဤအကြောင်းနှင့် စပ်လျဉ်း၍ ဆရာဇော်ဂျီ၏ “အပ်ရွှေနဖား” ကဗျာလေးကို သတိရမိသည်။

   ထိုကဗျာလေးတွင်   “ထိုးသော်တည့်ထိုးသော်၊ ကြိုးချော်လို့သွား၊  အမယ်အို အမြင်ကတ်တယ်၊ အပ်ရွှေနဖား” ဟူ၍ ရေးဖွဲ့ထားသည်ကို တွေးတောဆင်ခြင်မိသည်။ အမယ်အိုသည်  မျက်စိမှုန်ဝါးပြီ လက်များ တုန်ယင်နေသဖြင့် ကြိုးစားပြီး အပ်ကြိုးထိုးသော်လည်း အပ်ကြိုးမဝင်နိုင်ဘဲဖြစ်နေသည်။ အကယ်၍ အမယ်အိုနေရာတွင် သွက်လက် ဖျတ်လတ်သော လူငယ်တစ်ဦးသာဖြစ်ပါက အပ်ကြိုးကို အလွယ်တကူမြန်မြန်ဆန်ဆန် ထိုးနိုင်ပေမည်။ ထိုနည်းတူပင် ဆရာသည် အမယ်အိုတည်းဟူသော  အတွေးအယူ အမှားများကိုပြုပြင်၍ လူငယ်တည်းဟူသော ခေတ်မီအတွေးအခေါ် ဉာဏ်ပညာဖြင့် တပည့်များကို လမ်းပြသင်ကြားနိုင်မှသာ အခရာကျသော ဆရာမြတ်ဖြစ်ပေလိမ့်မည်။

၂၁ ရာစုတွင်နိုင်ငံတိုင်းဦးစားပေး လုပ်ကိုင်ရမည့် လုပ်ငန်းသည် ပညာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းဖြစ်သည်။  ပညာရေးကဏ္ဍကို မြှင့်တင်ရာ၌ အရည်အသွေးမြင့်မားသော ပညာရေး (Quality Education )ကို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်။

အရည်အသွေးမြင့်မားသော ပညာရေးကို ဖော်ဆောင်ရာ၌ သင်ရိုးညွှန်းတမ်း (Curriculum) မြှင့်တင်ခြင်း၊ ဆရာ့အရည်အချင်း (Quality of Teacher) မြှင့်တင်ခြင်း၊ သင်ထောက်ကူပစ္စည်း (Teaching Aids) ဖြည့်စွက်ခြင်း စသည်တို့ပါဝင်သည်။ ၎င်းတို့တွင် ပညာရေးကဏ္ဍမြှင့်တင်ခြင်း လုပ်ငန်းများအောင်မြင်ရန် ဆရာ့အရည်အချင်း (Quality of Teacher) သည် ပဓာနကျသည်။ အဘယ်ကြောင့်ဆိုသော် ပညာခရီးရှည်ကြီးတွင် ဖွံ့ဖြိုးတိုးတက်ရေး ယာဉ်ကြီးကို မောင်းနှင်ရာ၌ ဆရာ၏စွမ်းဆောင်မှုသည် အခရာကျသောကြောင့်ပင်။   ပညာရှင်များကလည်း (Curriculum cannot be changed on paper but on people)“သင်ရိုးညွှန်းတမ်းကို စာရွက်ပေါ်တွင် ပြောင်းလဲ၍မရ၊ လူများ(ဆရာများ) အပေါ်တွင်သာ ပြောင်းလဲနိုင်သည်”ဟူသော ဖွင့်ဆိုချက်အတိုင်း အရည်အသွေးပြည့်ဝသော ဆရာ၏ ကြိုးပမ်းမှုသည်သာ  အခရာကျသည်မှာ ထင်ရှားလှပေသည်။

အနာဂတ်တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုတိုင်းပြည်၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျသည်။ ပညာမြင့်မှတိုင်းပြည်နှင့် လူမျိုးမြင့်မည်ဖြစ်သည်။    ပညာရေးသည် တိုင်းပြည်အတွက် အကောင်းဆုံး အရင်းအနှီးဖြစ်သည်။ လူသားရင်းမြစ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးသည် ပဓာနကျသည်။ ထိုပဓာနကျသော ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အရည်အချင်း ပြည့်ဝသော   ဆရာ၏    အကောင်အထည် ဖော်နိုင်စွမ်းသည် အခရာကျပေသည်။   ဆရာသည်  ကျောင်းသင်ပြဋ္ဌာန်း စာအုပ်ထဲမှစာကို သင်ပြတတ်ရုံနှင့် ပညာရေးတွင် အခရာကျသော ဆရာမဖြစ်နိုင်။ ကျောင်းသင်စာနှင့်တကွ ပြင်ပဗဟုသုတများ၊ အသိဉာဏ်ပညာများကို ကျွဲကူးရေပါ သင်ကြားဖြည့်စွမ်းပေးနိုင်မှသာ အခရာကျသော ဆရာကောင်းဖြစ်ပေလိမ့်မည်။ အနာဂတ်လူငယ်များ ဆက်လက်လျှောက်လှမ်းရမည့် ပညာခရီးတွင် ၂၁ ရာစု ကျွမ်းကျင်မှုများ ( 21 st Century Skills) နှင့်ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) လိုအပ်သဖြင့် သင်ယူမှုအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို C-၅ လုံး (5 C’s)အဖြစ် သတ်မှတ်ထားပါသည်။ ယင်းC-၅ လုံးမှာ

(၁)     ပူးပေါင်းဆောင်ရွက်ခြင်း/အုပ်စုဖြင့်လုပ်ငန်းဆောင်ရွက်ခြင်း (Collaboratiom /Group Work)

(၂)     ဆက်သွယ်ပြောဆိုခြင်း (Communication)

(၃)     လေးနက်စွာဆန်းစစ်ဝေဖန်ခြင်းနှင့်ပြဿနာဖြေရှင်းခြင်း(Critical Thinking and Problem Solving)     

(၄)     တီထွင်ဖန်တီးခြင်း (Creativity and Inovation)

(၅)     နိုင်ငံသားကောင်းစိတ်ဓာတ်ရှိခြင်း  (Citizenship)တို့ဖြစ်ပါသည်။

ယင်း C-၅ လုံးနှင့်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာအောင် စွမ်းဆောင်ရာ၌ ဆရာ၏ စွမ်းပကားသည်များစွာ အခရာကျပေရာ နိုင်ငံချစ်စိတ်၊ တပည့်အကျိုး ဖြည့်စွမ်းလိုစိတ်နှင့် မဖြစ်မနေ ကြိုးပမ်းကြရမည်ဖြစ်ပေသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ ပညာရေး ခရီးဝယ်အုပ်စုဖြင့် လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်တတ်ပြီး အတွေးအခေါ်များ မျှဝေခြင်းနှင့်အဖြေရအောင်အတူရှာဖွေတတ်သည့်   ကျွမ်းကျင်မှုများ၊ တရားမျှတခြင်းနှင့် ပဋိပက္ခဖြေရှင်းမည့် စိတ်ဓာတ်ရှိခြင်း စသည့် ကျွမ်းကျင်မှုများ ရရှိမည်ဖြစ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC - II) တွင် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည်။ ထိုညီလာခံကို “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကိုမြှင့်တင်ပေး” ဟူသည့် ဦးတည်ချက်အဆိုဖြင့် နေပြည်တော်ကောင်စီ အပါအဝင်   ဝန်ကြီးဌာန ၁၃ ခုတို့ပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကိုရည်ရွယ်ချက် (၆)ရပ်ဖြစ်သည့်

(၁)     တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များ ပေါ်ထွန်းလာစေရန်

(၂)     အရည်အသွေးပြည့်ဝသော ပညာတတ်များမွေးထုတ်ပေးရန်

(၃)     ထုတ်လုပ်မှုကိုအားပေးသည့် အသက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်

(၄)     ဆရာ၊ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန်

(၅)     သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့်

(၆)     အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာစေရန်တို့ဖြင့် ကျင်းပခဲ့ရာ ပညာရေး၏ အခရာကျသော ဆရာ၊ ဆရာမများက တက်ညီလက်ညီ ကြိုးပမ်းကြရမည် ဖြစ်သည်။

နိဂုံးချုပ်ပိုင်းတွင် ပညာတန်ဆောင် စာပေတိုက်မှ ထုတ်ဝေသော မြတ်ပညာ ပညာရေးမဂ္ဂဇင်းတွင်  ဖော်ပြထားသော  ဆရာရွှေလင်းမြေညွန့်ကိုကို၏ “ဆရာသည်သာအခရာ” ဟူသော ကဗျာလေးဖြင့် နိဂုံးချုပ်လိုပါသည်။

“ဆရာသည်သာ အခရာ”

သစ်တုံးကောက်ကောက်၊ လွှစူးဆောက်ဖြင့်

ဖြတ်တောက်လိုရာ၊ သုံးတတ်ပါသော

ဆရာပန်းပု၊ သူစွမ်းမှုကြောင့်

ရုပ်တုလှလှ ဧကန်ရ၏။

သစ်တုံးဖြောင့်အား၊ ပုဆိန်ဓားဖြင့်

တအားဖြတ်ပေ၊ ခွဲခြမ်းလေသော

ထင်းခွေသမား၊ သူ့စွမ်းအားကြောင့်

ထင်းများစင်စစ် ဧကန်ဖြစ်၏။

သစ်တုံးဖြောင့်စင်း၊ ကောက်လိမ်ခြင်းသည်

ငြင်းခုံဖွယ်ရာ၊ မဟုတ်ပါချေ

သေချာသည်ကား၊ ဆရာများ၏

စွမ်းအားပေါ်သာ၊ မူတည်ပါ၍

ကောင်းရာဆိုးဖြစ်၊ ဧကန်ဖြစ်၏

စင်စစ်ဆရာ အခရာ။

ဪ...မ, ပေါင်းများစွာ မွေးဖွားလာသော

အလွှာဖုံဖုံ၊ စရိုက်စုံသည့်

သွင်ပုံထွေပြား၊ တပည့်များကို

ခွဲခြားမယှဉ်၊ လိုတိုင်းပြင်၍

ယဉ်ကျေးတတ်သိ၊ တော်မွန်သိအောင်

အရှိစွမ်းအား၊ ချန်မထားဘဲ

ကြိုးစားထွင်းထု၊ မြတ်ပန်းပုသို့

အနုလှဆင်၊ ဆရာရှင်ကြောင့်

တစ်ခွင်လောက၊ တိုးတက်ရသည်

များစွ ကျေးဇူးပါတကား။   ။       

(ရွှေလင်းမြေ ညွန့်ကိုကို)

ဖော်ပြခဲ့သည့်ကဗျာလေးအတိုင်း မျက်မှောက်ကာလ ပညာခေတ်တွင် ပညာရေးအဆင့်အတန်း မနိမ့်ကျရေး၊ ပညာမြင့်၍ လူမျိုးတင့်ရေးသည် ဆရာများအပေါ်တွင် မူတည်နေရာ “တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ ဆရာတွေရဲ့ လက်ထဲမှာရှိပါတယ်”

ဟူသော ဝီလျှံဂျိမ်းစ်၏အဆိုအတိုင်း ပညာရေး ဗိသုကာဆရာ၏ အခရာကျသော လက်စွမ်းကိုပြခြင်းဖြင့် တာဝန်ကျေသင့်လှပေသည်။    ။

ညွန့်ဝင်း(နတ်တလင်း)