မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
အမေ့ရွာသို့ရောက်ခဲ့ပြီ
ကျွန်တော် အမေ့ရွာသရက်တောင်သို့ ရောက်လာခဲ့ခြင်းမှာ စာမေးပွဲပြန်ဖြေနိုင် ရေးသည် အဓိကကျသော အကြောင်း ရင်းပင်ဖြစ်သည်။ ကျွန်တော်သည် ၁၉၆၇ ခုနှစ် တန်းမြင့်ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ ကျရှုံးချိန်ကစပြီး ကျောင်းဆရာဖြစ်ရေး အလင်းတံခါးပိတ်သွားသလို ဖြစ်ခဲ့ရကာ ကြီးစွာသော စိတ်မကောင်းခြင်း ဖြစ်ခဲ့ရသည်။ နောင်တကိုဘေးဖယ် ပြီး လဲကျနေရာမှ ရုန်းထရန် ကျွန်တော် ကြိုးစားခဲ့သည်။ ပိုက်မျှောရင်း စာကျက် သည်၊ မျှားတန်းချရင်း စာလေ့ကျင့်သည်။ ဤတွင် ကျွန်တော့်အနေနဲ့ အခက်ခဲဆုံး တစ်ခုမှာ ဘောဂဗေဒဘာသာရပ်ပင် ဖြစ်သည်။
ဘောဂဗေဒဘာသာရပ်သည် ကျွန်တော်ကျောင်းနေတုန်းက သင်ကြားသင်ယူမှု လုံးဝမရှိခဲ့သော ဘာသာရပ်ပင်ဖြစ်သည်။ ၁၉၆၈-၁၉၆၉ ခု ပညာသင်နှစ် စနစ်သစ်ပညရေး ဝိဇ္ဇာဘာသာရပ်တွင် ဘာသာရပ်တစ်ခုအဖြစ် အသစ်ပြဋ္ဌာန်းလိုက်သော ဘာသာရပ်ပင်ဖြစ်သည်။ ဘောဂဗေဒဘာသာရပ်တွင် (၁) ဘောဂဗေဒ
(၂) မြန်မာ့စီးပွားရေး (၃) သမဝါယမ (၄) စာရင်းကိုင်တို့ဖြစ်သည်။ ဘောဂဗေဒဘာသာရပ်ထဲက စာရင်းကိုင်ဘာသာရပ် အပြင် တခြားသောဘာသာရပ်သုံးခုမှာ ကျက်စာသက်သက်ဖြစ်၍ အခက်အခဲမရှိ။ ကျွန်တော် အကုန်ကျက်မှတ်နိုင်သည်။ သို့ဖြစ်၍ ကျက်စာများဖြစ်ကြသော ပင်ရင်းမြန်မာစာ၊ စိတ်ကြိုက် မြန်မာစာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒ၊ မြန်မာ့ စီးပွားရေးနှင့် သမဝါယမတို့ကို ကျက်မှတ် လျက်ရှိသည်။ ကျွန်တော် ဤသို့ ကျက်မှတ်ထားသော်လည်း စာမေးပွဲဖြေနိုင်ရေး အတွက် နည်းစနစ်မကျသေးသည်ကို ကျွန်တော်သိသည်။ လေ့ကျင့်ရဦးမည်။ ဖြေကြည့်ရဦးမည်။ ကျွန်တော်ရောက်ရှိ နေခဲ့သော ငပသုန်ရွာမှာ ဆွေးနွေးစရာ၊ ညှိနှိုင်းစရာသင်ပြပေးမည့်သူ တစ်ဦးတလေမျှပင်မရှိ။ ရှင်းရှင်းပြောရလျှင် ကျွန်တော်သည် အလင်းတံခါးပိတ်ထားသော တောကြီးမျက်မည်းထဲ ရောက်နေသလိုမျိုး ဖြစ်နေခဲ့ပါ၏။
အမေ့ရွာ သရက်တောင်အပါအဝင် အထက်ကျွန်းစဉ်နယ်တွင် ကမ်းထောင်း ကြီးရဲစခန်းရှိ၍ ဗကပတို့ စိုးမိုးမှုအမြဲ မရှိသဖြင့် အညိုရောင်နယ်မြေဟု သတ်မှတ်ထားပေသည်။ အညိုရောင်နယ်မြေဆို လျှင် စာသင်ကျောင်းများလည်း ဖွင့်ခွင့် ရကြသည်။ စာသင်ကျောင်းများတွင် ဆရာအပြောင်းအရွှေ့ဟူသည် အမြဲ တမ်းလိုလို ရှိနေတတ်ကြပေသည်။ သို့ဖြစ်၍ သရက်တောင်ရွာ အစိုးရမူလတန်း ကျောင်းသို့လည်း စနစ်သစ်နဲ့အောင်ထားသော ဆရာ၊ ဆရာမများ ရောက်လာနိုင်သည်ဟု ကျွန်တော်ယုံကြည်သည်။
သရက်တောင်ရွာကို ကျွန်တော်ရောက် လာချိန်တွင် ဦးဘဆွေဆိုသော မူလတန်း ပြကျောင်းဆရာကိုတွေ့သည်။ ဦးဘဆွေ မှာ နဖူးကျယ်ကျယ် အသားအရောင်မည်း မည်းပင်ဖြစ်သော်လည်း အပြောကောင်း သည်၊ လူမှုဆက်ဆံရေးအဆင်ပြေသည်။ နောက်နောက်ပြောင်ပြောင် ပြောတတ် သဖြင့် လူချစ်လူခင်လည်းများသည်။ သူ သည် ၁၉၆၇ ခုနှစ်တွင် တန်းမြင့်ကျောင်း ထွက်လက်မှတ်ရစာမေးပွဲ H.S.F (Hight School Final) အောင်၍ မူလတန်းပြဆရာ ဝင်လုပ်နေခြင်းဖြစ်သည်။
သို့ဖြစ်၍ ဦးဘဆွေမှာ ကျွန်တော်စာမေးပွဲ ဆက်ဖြေနိုင်ရေးအတွက် သင်ကြားသင်ယူမှုလုပ်ငန်းကို နှုတ်ရေးစောင်မခြင်းဖြင့်သာ ကူညီနိုင်သည်။ သူတို့ မာန်အောင်ကျွန်းကပဲ ကောင်စီစာရေး တစ်ယောက် သရက်တောင်သို့ ရောက် ဖို့ရှိသည်ဟုပြောပြီး ကျွန်တော်နဲ့ဆက် သွယ်ပေးသည်။ မာန်အောင်မြို့နယ် ဆင်နားချောင်ရွာသား ကိုစံရွှေပင်ဖြစ် သည်။ ကိုစံရွှေမှာ စနစ်သစ် ဝိဇ္ဇာဘာသာ ဖြင့် အောင်လာသူဖြစ်သည်။ ကျွန်တော် အကူအညီတောင်းကြည့်သည့်အခါ သူတတ်သလောက် မှတ်သလောက်ကူညီ ပေးမည်ဟု ပြောသည်။
စာရင်းကိုင်ဘာသာရပ်သည် နှစ်ဖက်သွင်းစာရင်း အစမ်းရှင်းတမ်းရေးဆွဲခြင်း ပင်ဖြစ်သည်။ နှစ်ဖက်သွင်း စာရင်းကိုက်ရေးမှာ လွန်စွာခက်ခဲလှသည်။ အခေါက် ခေါက်အခါခါ ပေါင်းရ၊ နုတ်ရ၊ မြှောက်ရ၊ စားရ၏။ လွန်စွာစိတ်ရှည်ရသည်။ အလီလီတွက်ရသည့်အတွက် ပြောင်ချောစာရွက်စာတမ်းတွေ အများကြီးလိုသည်။ သို့ဖြစ်၍ စာရင်းကိုင် ဘာသာရပ်အတွက် အစမ်းရှင်းတမ်းရေးဆွဲရာတွင် ပြက္ခဒိန်ကျောဘက် ပြောင် စာမျက်နှာများတွင် ဇယားချပြီး ကျွန်တော်ရေးဆွဲသည်။ တစ်ရွက်ပြီးတစ်ရွက်၊ တစ်အုပ်ပြီးတစ်အုပ်။ မိမိအိမ်က ပြက္ခဒိန်များ ကုန်သွားလျှင် ပတ်ဝန်းကျင်အိမ်၊ ဆွေမျိုးမိတ်ဆွေအိမ်များက ပြက္ခဒိန်အဟောင်းများကို ရှာဖွေပြီးရေးသည်၊ မှတ်သည်၊ တွက်ချက်သည်။
ကျွန်တော်သည် သရက်တောင်ရွာသို့ ရောက်ပြီးနောက်တွင် လေ့ကျင့်ရင်းသင်ယူ၊ သင်ယူရင်း လေ့ကျင့်ဆိုသည်ကို အတွေ့အကြုံ ရလာသည်နှင့်အမျှ ပိုပြီး အာရုံစူးစိုက်လုပ်လာခဲ့သည်။ ထိုစဉ် ရွာခံ ငယ်သူငယ်ချင်းများက ကျွန်တော် စာမေးပွဲပြန်ဖြေရာတွင် အထောက်အကူဖြစ်စေ ခြင်းအလို့ငှာ ကျွန်တော့်အား စာသင်စာပြလုပ်ပေးပါရန် အကူအညီတောင်းကြ သည်။ သူတို့တွေ စာသင်ခန်းတစ်ခု စီစဉ် ပေးကြ၏။ သူတို့၏ညီငယ်၊ ညီမငယ်လေးများနှင့် ရင်းနှီးရာ ကျောင်းသားမိဘများကိုပြောပြီး ကျွန်တော့်ဆီမှာ ကျောင်းတက် စေခဲ့ကြ၏။ အစိုးရစာသင်ကျောင်းက ကလေးများကို ကျူရှင်သဘော အလွတ်သင်ပြခြင်းပင် ဖြစ်ပေသည်။
ကျွန်တော်သည် ၁၉၆၇-၁၉၆၈ ခု ပညာသင်နှစ်တွင် ငပသုန်ရွာ အစိုးရမူလတန်းကျောင်း၌ ကျောင်းအုပ်ဆရာကြီးနှင့် တွဲဖက်ပြီး သူငယ်တန်းမှ စတုတ္ထတန်းအထိ စာသင်ပြခဲ့ရာ သင်ပြမှုအောင်မြင်ခဲ့ သည်ဟု ဆိုရပေမည်။ ရွာသူ၊ ရွာသား များ၏ ကျေးဇူးတင်ဂုဏ်ပြုခြင်းကို ခံခဲ့ရ သည်။ ယခုလည်း စာသင်စာပြ လုပ်ရမည် ဟုပြောတော့ ကျွန်တော်ဝမ်းသာရပြန် သည်။ မူလတန်းဆင့်အတန်းစုံကို ကျွန်တော် စာသင်ပြနိုင်ခဲ့သည်။ ကျောင်းဆရာစိတ်က နှလုံးသားမှာ ဂဟေစွဲပြီးသားဖြစ်၍ ကလေးများကို ကောင်းကောင်း စာသင်ပြသည်။ ကလေးတွေ နားမလည်သည်ကို နားလည်အောင် ဆရာစိတ်အပြည့်ထားပြီး ရှင်းပြ၊ သင်ပြ၏။ ကျွန်တော်၏စာသင်ပြမှုသည် အခြေခံပညာမူလတန်းကျောင်းက ဆရာ၊ ဆရာမများ၏သင်ကြားရေးကို ကူညီပံ့ပိုးရာလည်း ရောက်သဖြင့် ကျွန်တော်ကျေနပ်မိသည်။
ကလေးတွေ ကျွန်တော့်ဆီမှာ သင်ယူမှု သုံးလသို့ရောက်သည့်အခါ ကလေး ၅၀ လောက်မှာ ၁၀ ယောက်လောက် ထွက် သွားကြသည်။ ကျောင်းသားတွေအရေးကို စိတ်ပူပြီး မည်သည့်အကြောင်းကြောင့် ထွက်သွားကြ သနည်းဟူ၍ ကျွန်တော် မေးမြန်းသည့်အခါ မိဘတွေလယ်ထဲမှာ ကူလုပ်ပေးရန် ထွက်သွားကြခြင်းဖြစ် သည်ဟု သိရသည်။
ဆက်လက်ဖော်ပြပါမည်။