၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ
နေပြည်တော် အောက်တိုဘာ ၅
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဂုဏ်ထူးဆော ထူးချွန်ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဖတ်ကြားသည်။
ထို့နောက် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် “ဆရာ့အသံများကို အလေးထားခြင်း” ဆောင်ပုဒ်ဖြင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားခြင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၊ ထူးချွန်ဆရာ၊ ဆရာမများ၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ရုက္ခဗေဒဌာနမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၁၂ ဦး၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာမြင့်ဆွေနှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာမောင်ကျော်တို့ကို ဂါရဝပြုကန်တော့ကြရာ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စားမြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာဦးဝင်းနှင့် ဒေါက်တာမောင်ကျော်တို့က ဩဝါဒစကားပြောကြားကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ ဆရာများနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။