ဆေးတက္ကသိုလ်(၂)ရန်ကုန်၏ “မြသီလာကျောင်းသား ကျောင်းသူဆောင်”ဖွင့်ပွဲကျင်းပ
ရန်ကုန် အောက်တိုဘာ ၅
ဆေးတက္ကသိုလ်(၂) ရန်ကုန်၏ မြသီလာကျောင်းသား၊ ကျောင်းသူဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအဆောင်ရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆေး တက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ အငြိမ်းစား ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြသီလာ ကျောင်းသား၊ ကျောင်းသူဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အအုံ အထိမ်းအမှတ်ကြေးပြားကို အမွှေး နံ့သာရည်ပက်ဖျန်းပေးကြကာ အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုကြ သည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆေးတက္ကသိုလ်(၂)တွင် ပညာသင်ကြားနေသော ဘွဲ့လွန်/ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ လုံခြုံစိတ်ချ စိတ်အေးချမ်းသာစွာနေထိုင်ပြီး ပညာသင် ကြားနိုင်ရန်ရည်ရွယ်၍ မြသီလာကျောင်းသား၊ ကျောင်းသူ အဆောင်သစ်ကြီးကို ဆောက်လုပ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Z&Y ကုမ္ပဏီလီမိတက်မှ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ မြသီလာကျောင်းသား၊ ကျောင်းသူ(၆-ထပ်ဆောင်) အဆောက်အအုံပြီးစီးမှု မှတ်တမ်းကို လွှဲအပ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ်သိန်း ၁၀၀ ကို ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ်ထံ ပေးအပ်လှူဒါန်းသည်။
ဆေးတက္ကသိုလ်(၂)ရန်ကုန် မြသီလာကျောင်းသား၊ ကျောင်းသူ (၆-ထပ်ဆောင်) အဆောက်အအုံမှာ ယူပုံစံ(U Shape)ဖြစ်ပြီး စတုရန်းပေ ၈၁၉၀၀ ကျယ်ဝန်းကာ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကို အဆောင်စီစဉ်ပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။