မြစ်ကိုအလျှား စုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ကလေးများအရေးကိုတွေးပြီး ကျွန်တော် ရင်ထဲမကောင်းဖြစ်မိသည်။ နောက်တစ်လခန့်ကြာသည့်အချိန်တွင် ကျောင်းသူ၊ ကျောင်းသား ၁ဝ ယောက်တိတိ ထွက်သွားကြပြန်သည်။ ကျွန်တော် လန့်ဖျပ်သွားသလို ခံစားသွားရပြီး ပြန်လည် ဆန်းစစ်လိုက်သည့်အခါတွင် အဖြေမှန်ပေါ်တော့သည်။ “အဲဒီအပြင်ဆရာက ၁၀ တန်းအောင်တာလည်း မဟုတ်ဘူး၊ အတန်းတင်ပေးနိုင်တာလည်း မဟုတ်ဘူး” ဆိုသည့် ကြီးစွာသော ထိုးနှက်ချက် စကားလုံးသည် ကျွန်တော့် စိတ်နှလုံးအိမ်အား ကောင်းကောင်းဒုက္ခပေးကြလေပြီ။ နောက်တစ်နေ့မှာ ကျောင်းသားတွေ ရောက်တာနဲ့ ကျွန်တော် ကလေးတွေကိုခေါ်ပြီး
“သားတို့၊ သမီးတို့ကို ဆရာပြောပြမယ်။ ဆရာက ၁၀ တန်းအောင်သေးတာလည်း မဟုတ်သေးဘူး။ ဒါကြောင့် ဆရာ့မှာ ၁၀ တန်းဖြေဖို့ ကိစ္စကအရေးကြီးနေတယ်။ စာကောင်းကောင်း ဖတ်ရဦးမယ်။ ဒါကြောင့် သားတို့၊ သမီးတို့ ဆရာ့ဆီ မလာကြနဲ့တော့နော်၊ ဆရာ့ကို ကူညီကြတဲ့အတွက် အကုန်လုံးကို ကျေးဇူးလည်းတင်ပါတယ်”
“ဆရာ ၁၀ တန်းဖြေဖို့ စာကျက်ရဦးမယ်။ သားတို့၊ သမီးတို့ ကျန်းမာပျော်ရွှင် ပညာသင်လို့ အောင်ပန်းအလီလီ ဆင်မြန်းနိုင်ကြပါစေ”
လှေမျောလို့ လှေနဲ့ဆယ်ခဲ့သည်
ကျွန်တော့်ဘဝပြေးလမ်းထဲမှာ အဆင်မပြေမှုကို အကြောင်းပြုပြီး တွေဝေငေးမောနေရန်မသင့်ဟု ကျွန်တော် ခံယူထားသည်။ ကျွန်တော့်ယုံကြည်ချက်မှာ အခြေအနေပေါ်မူတည်ပြီး ရုန်းထရန်နှင့် ပြန်လည်တည်ဆောက်ရန်ပင်ဖြစ်သည်။ ခု တစ်ဆင့်တက်ပြီး စာမေးပွဲပြန်ဖြေနိုင်ရေးအတွက် နီးစပ်သလို အခြေအနေရှိသော အမေ့ရွာသို့ ရောက်လာခဲ့ပေပြီ။ သို့သော် ကျွန်တော်သည် မိဘတွေ ကျောင်းထားပေးခဲ့ကြတုန်းကလို ကျောင်းစာတစ်ခုကို ကျက်မှတ်ရုံ၊ တွက်ချက်နေရုံနဲ့ မလုံလောက်တော့ချေ။ စာမေးပွဲဖြေနိုင်ရေးအတွက် ရပ်တည်မှုရအောင် ငွေကြေးရလိုမှုအရေးကိုလည်း အလေးအနက် ထားလာရပေသည်။
ကျွန်တော် ကြံသည်၊ တွေးသည်။ ဤတွင် အဖြေတစ်ခုထွက်သည့် အတွက် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ခု ကျွန်တော်ရောက်နေသည့် အမေ့ရွာသရက်တောင်သည် ဓနိထွက်သောရွာ။ အဖေ အခြေချနေထိုင်သည့် ငပသုန်ရွာသည် ဓနိရှားပါးသည့်ရွာ။ ကျွန်းစဉ်နယ်သားတို့သည် သင်္ကြန်လွန်သည်ဆိုလျှင်ပင် အိမ်ခေါင်မိုးရန် လိုအပ်သူများသည် အထက်ကျွန်းစဉ်နယ်ရှိ ဓနိထွက်ရာရွာများသို့ တက်ပြီး ဓနိဝယ်ကြရသည်။ သည်တော့ ကျွန်တော်သည် အမေ့ရွာတွင် ဓနိရှိသူများထံတွင် ဓနိချပ်တွေ ကောက်ဝယ်လိုက်သည်။ ကျွန်တော် လှေတစ်စင်းငှားပြီး သရက်တောင်ရွာထဲက ဓနိချပ်တွေ သယ်ချလိုက်သည်။ ကျွန်တော့်ဆွေမျိုးမကင်းသူ နှစ်ယောက်ကပါ ကျွန်တော့်ကိုဝင်ကူပြီး ဓနိချပ်သယ်ချပေးကြသည်။
ဓနိချပ်သယ်ချသည်မှာ လွယ်သည်တော့မဟုတ်ပေ။ လုံးပတ် လက်ညှိုးလက်မဝိုင်းခန့်ရှိပြီး တစ်လံခန့်ရှည်သော မဒမ(ကပိုင်) သစ်သားရိုးဖြင့် ဓနိချပ်ရေ ၁၀၀ တိတိကို ဖောက်ထိုးပြီး သယ်ချရခြင်းဖြစ်သည်။ ပထမဆုံး ဓနိချပ်ရေ ၁၀၀ တိတိကို ထောင်မတ်လျက် ညီညီညာညာ ထပ်ထားပြီး မဒမရိုးဖြင့် တစ်ချပ်ချင်း ဖောက်ထိုးရသည်။ ဓနိချပ် ၁၀၀ တိတိ ဖောက်ထိုးပြီးချိန်တွင် သိပ်သိပ်သည်းသည်းဖြစ်အောင် စုစည်းပြီး ပုဆိုးနွမ်းတစ်ထည်ကို ဖောက်သီထားသည့် ဓနိချပ် ၁ဝဝ စည်းပေါ်က လွှားတင်လိုက်ကာ ပုဆိုးစစွန်းနှစ်စကို လက်နှစ်ဖက်ဖြင့် တစ်ဖက်လျှင် တစ်စစီဖိကိုင်၍ မောင်းအားကိုသွင်းကာ ပခုံးပေါ်သို့ ခေါင်းကျော်ပြီး လွှဲတင်လိုက်ရသည်။ ဤအချိန်တွင် ဓနိချပ် ၁၀၀ စည်းမှာ ပခုံးပေါ်ရောက်သွားတော့သည်။ ဓနိသယ်မည့်သူသည် မဒမရိုးကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ခြေလှမ်းမှန်မှန်လှမ်းကာ လှေဆိပ်ရှိလှေပေါ်သို့ သယ်ချရတော့သည်။ ဓနိပုံလှမ်းလျှင် လှမ်းသလို တစ်ရွာလုံး ရွာရိုးကိုးပေါက် လျှောက်ထမ်းရသည်။
ဓနိချပ်တစ်ချပ်၏အရှည်မှာ နှစ်တောင်နှင့်တစ်ထွာ အရှည်ရှိသည်။ ဓနိချပ် ၁၀၀ ဆိုလျှင် အလေးချိန်မှာ ဆန်တစ်အိတ်လောက်တော ရှိသည်။ ခွန်အားကိုသုံးပြီး မပြေးရုံတစ်မယ် ခပ်သွက်သွက် လျှောက်ထမ်းရသည်။ မြို့ကြီးများသို့ လှေသမ္ဗန်ကြီးများဖြင့် သွားရောင်းကြသူများဆိုလျှင် ဓနိသယ်သူ လှေထိုးသားတွေတန်းစီပြီး တစ်ရွာလုံး လျှောက်သယ်ရသည်။
လှေကြီးလျှင်ကြီးသလောက် သီတင်းတစ်ပတ်၊ ဆယ်ရက် သယ်ချကြရသည်။ ရှင်းရှင်းပြောရလျှင် ဓနိချပ် သယ်ချကြသူများမှာ ခွန်အားကိုသုံးပြီး အလုပ်လုပ်ကြရသည့်အတွက် ဘဝကြမ်းသမားတို့ အလုပ်ဟုလည်း သတ်မှတ် ထားကြသည်။
ဤအလုပ်ကို ကျောင်းသားလူထွက် ရေတံငါတစ်ဖြစ်လဲ ကျွန်တော်လုပ်နေလေပြီ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်သည် ဘဝပေးအခြေအနေအရ သမ္မာအာဇီဝကောင်းမွန်စွာ အလုပ်လုပ်ခြင်းပေတည်း။
ကျွန်တော့်လှေမှာ မြို့ပို့မည့်လှေများလို မကြီးသဖြင့် သုံးရက်ချရုံဖြင့် လှေပြည့်သွားသည်။
လပြည့်ကျော် ၁၀ ရက် ဒီရေသည် မိုးလင်းရောင်နီပေါ်တာနဲ့ ရေကျပြီ။ မနေ့ညနေကတည်းက ဓနိချပ်တွေကို လှေပေါ်အကုန်တင်ထားခဲ့သည်မို့ တော်ပေသေးသည်။ ကျွန်တော်တို့တွေ လူစုံသည်ဆိုလျှင်ပဲ ဓနိလှေကို ကမ်းမှခွာလိုက်ကြသည်။
“ဒီနေ့ ကဆုန်လပြည့်ကျော် ၁၀ ရက်ရှိပြီနော်၊ ရေသေရက်ပဲ စုန်လေကို သိပ်အားကိုးလို့ မရတော့ဘူး တက်ကူပေးရမယ်”
ကျွန်တော့်သတိပေးစကားကြောင့် သူငယ်ချင်းနှစ်ယောက်မှာ ခတ်တက်ကွင်းကို ရေဆွတ်ပြီး တက်နှစ်ချောင်းကို ပြိုင်တူဆွဲခတ်လိုက်ကြသည်။ ရေသေရက်မို့ ရေဆွဲအားက ခပ်နှေးနှေးဆိုတော့ လှေအသွားနှုန်းက သိပ်မတွင်။ တက်ခတ်သောအလုပ်မှာ တစ်ကိုယ်လုံး ခွန်အားစိုက်ထုတ်ပြီး ရုန်းကန်လှုပ်ရှားရသော အလုပ်ဖြစ်၍ လွန်စွာပင်ပန်းသည်။ တက်ခတ်သားများမှာ ချွေးများဖြင့် ရွှဲနစ်နေကြပေပြီ။ နွေရက်မို့ မိုးလင်းသည်ဟုဆိုလျှင်ပဲ ရှင်နေမင်းက ရှိသမျှစွမ်းအင်ကိုထုတ်ပြီး လောကကြီး
အား မာန်ဖီလျက်ရှိချေပြီ။ ကျွန်တော့်သူငယ်ချင်းများဖြစ်ကြသော သိန်းနုအောင်နှင့် မြသိန်းတို့မှာ အာခေါင်ခြောက်ကပ်လာတိုင်း ရေထထသောက်လွန်းလို့ သရက်တောင်ရွာက ထည့်ယူလာခဲ့သော သောက်ရေအိုးလေးမှာ အခွံသာကျန်ခဲ့ပေပြီ။ ရေသာကုန်သည်မဟုတ် နောက်ထပ် အာဟာရဖြည့်တင်းစရာလည်း ဘာမှပါမလာ။ အချိန်က မနက် ၁၁ နာရီခန့်ရှိပေပြီ။ ခါတိုင်းရေကြီးရေထရက်တွေမှာဆို မနက်ဝေလီဝေလင်း ထွက်လာခဲ့လျှင် ခုလောက်ဆို ငပသုန်ကျွန်းနားနီးပြီ။
ခု ရေသေရက်ဖြစ်၍ မှန်းချက်နှင့်နှမ်းထွက်က မကိုက်။ ဝါးကောက်ချိုင်ကျွန်း၊ ဘဲစင်ခိုစင်ကျွန်းတွေနဲ့တော့ တဖြည်းဖြည်းနီးလာသည်။ သို့သော် သည်ကျွန်းတွေမှာ လူမရှိ ရေမရှိ၊ စားစရာ နတ္ထိ။ ပင်လယ်ပြင်ထဲက သီးခြားကျွန်းကလေးများသာ။ ငပသုန်ကျွန်းနှင့် နောင်တော်ကြီးကျွန်းများကိုတော့ မှိုင်းမှိုင်းပျပျ မြင်နေရသည်။ ကြားမှာ ထုံးကျီမြစ်ဝကျယ်က ဆီးနေသည်။ သည်မြစ်ဝကျယ်ကို ဖြတ်သန်းပြီးမှ ငပသုန်ကျွန်းသို့ ရောက်ပေမည်။
ဒုက္ခပါပဲ။ ပြောရင်းဆိုရင်း ပင်လယ်ဝဘက်က ဒီရေပြန်တက်လာနေပြီ။ နွေပိုင်းကာလများတွင် ဖြစ်ပေါ်တတ်သော သဘာဝအရ မွန်းတည့်သည်နှင့် ပင်လယ်လေတိုက်လာခဲ့ချေပြီ။ သွားပြီ။ ဘာမှမတတ်နိုင်တော့။ ရေရော၊ လေရော ဆန့်ကျင်ဘက်အရပ်မှ ကျွန်တော်တို့ဓနိလှေ အား တားဆီးထားကြပေပြီ။ ဓနိချပ်များကို လှေဝမ်းဗိုက်အလယ်တွင် ရေပက်ခန်းခြားပြီး လှေဦးပိုင်းတစ်ပုံ၊ လှေပဲ့ပိုင်းတစ်ပုံ တင်ယူလာခဲ့ကြ သည်။ ဓနိဆိုသည်မှာက ကုန်ပွဖြစ်၍ လေက ဆီးတားအား ပိုကောင်း နေသည်။
ခြောက်နှစ်အရွယ် ကျွန်တော့်ညီလေးကို အဖေနှင့်သူ့အစ်ကို၊ သူ့အစ်မ တွေဆီ အလည်ရောက်စေချင်၍ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ခုတော့ နေပူဒဏ်က တစ်မျိုး၊ ဗိုက်ဆာလွန်းနေသည်က တစ်ကြောင်းတို့ကြောင့် မျက်နှာပြင် နုထွတ်ထွတ်ကလေး ညှိုးရော်နေရှာပြီ။ ပဲ့စင်ပေါ်က ကျွန်တော့် ကိုပဲ မျက်လုံးလေး ပေကလတ်ပေကလတ်နဲ့ ကြည့်နေရှာသည်။
ဆက်လက်ဖော်ပြပါမည်။