အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန(ဒဂုံဆိပ်ကမ်း)နှင့် အထူးကုဆေးရုံသစ်ကြီး-ရန်ကုန် တည်ဆောက်ရေး စီမံကိန်းများ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန (National Cancer Institute-NCI)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားကင်ဆာ ရောဂါကုသရေးဌာနတွင် ယခုအခါ ဓာတ်ရောင်ခြည် ကုသစက်များနှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအထောက်အကူပြုစက်(CT Simulator)တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး မကြာမီ ပြီးစီးမည်ဖြစ်၍ အောက်တိုဘာလ၊ တတိယပတ်မှစ၍ ကနဦးလက်တွေ့ သင်ကြားကုသမှု စတင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းနောက် လူနာသစ်များကို ကုသမှုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ယခုတပ်ဆင်ပြီးဖြစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် Linear Accelerator ဖြင့် တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်မည်ဖြစ်ပြီး ထပ်မံ ၍ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် နှစ်လုံး တပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှ စတင်၍ တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ အထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကင်ဆာရောဂါဝေဒနာရှင် လူနာများ စိတ်အေးချမ်းသာစွာ ကုသမှု ခံယူနိုင်ရန်အတွက် L Shape ရှစ်ထပ် အဆောက်အအုံကို လည်းကောင်း၊ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနတွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် လေးခန်းတွဲငါးထပ် အရာထမ်း အိမ်ရာတစ်လုံး၊ အမှုထမ်းအိမ်ရာ နှစ်လုံးတို့ကိုလည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် JICA အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လမ်းမတော်မြို့နယ်ရှိ အထူးကု ဆေးရုံသစ်ကြီး-ရန်ကုန် တည်ဆောက်ရေး စီမံကိန်း (The Project for Construction of New Yangon Specialist Hospital-New YSH)သို့ သွားရောက်ကာ စီမံကိန်း အတိုင်ပင်ခံကုမ္ပဏီနှင့် ဆေးရုံအဆောက်အအုံ တည်ဆောက်ရေး ကုမ္ပဏီများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံကာ ခုနစ်ထပ် ဆေးရုံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများ စွမ်းအားပြည့် အကောင်အထည်ဖော် ဆောင်ရွက်ရေးမှာကြားကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ စီမံကိန်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် JICA တို့အကြား Grant Agreement လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့ပြီး COVID-19 ကပ်ရောဂါ ကာလအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်နားခဲ့သော်လည်း ယခုနှစ် ဇွန်လမှစတင်၍ ပြင်ဆင်တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။
အထူးကုဆေးရုံသစ်ကြီး- ရန်ကုန် တည်ဆောက်ရေး စီမံကိန်းပြီးစီးပါက နိုင်ငံတကာ အဆင့်မီ ဆေးရုံဒီဇိုင်းနှင့် ဆေးရုံသုံးပစ္စည်းများ ပါ၀င်သော နှလုံး၊ ဦးနှောက်နှင့်အာရုံကြော အထူးကုဆေးရုံကြီးအဖြစ် ရပ်တည်ကာ ပြည်သူလူထုအား အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။