အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် မြန်မာ့ကမ်းခြေစောင့် တပ်ဖွဲ့

 

အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် မြန်မာ့ကမ်းခြေစောင့် တပ်ဖွဲ့

 

    ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ်းခြေစောင့်တပ်ဖွဲ့များကို  မိမိနိုင်ငံ၏ရေကြောင်း ပထဝီဝင်အနေအထားအပေါ် မူတည်၍ ဖွဲ့စည်းထားကြသည်။ ကမ်းခြေစောင့်တပ် (Coast Guard)ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပင်လယ်ပြင်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပင်လယ်ပြင်ဆိုင်ရာ    လုံခြုံရေးများကို အဓိက ကာကွယ်ရန်ဖြစ်သည်ဟု အကြမ်းဖျင်းမှတ်ယူရပါမည်။

မြန်မာနိုင်ငံသည်   ကျယ်ဝန်းသည့် ပင်လယ်ပြင်ပိုင်နက်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်း နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါ ကမ်းရိုးတန်းတစ်လျှောက်တွင် ကျွန်းပေါင်းများစွာရှိသည်။ ထိုကျွန်းစုပေါင်းများစွာ တည်ရှိသည့်      ပင်လယ်ပြင်ကမ်းရိုးတန်း တစ်လျှောက်တွင် သဘာဝက ပေးအပ်ထားသော ရေပေါ်ရေအောက် သယံဇာတ အရင်းအမြစ်များစွာရှိပေသည်။ သို့အတွက် စီးပွားရေးအခွင့်အလမ်း များစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို ငြင်းဖွယ်ရာမရှိပေ။ သို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်(ရေ)အပြင်  ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိက ထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိရမည်ဖြစ်သည်။  ထိုသို့ ဖွဲ့စည်းထားရှိရန်အတွက် အခြားကမ္ဘာ့နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့များ၏ ဖွဲ့စည်းစာရင်းကောက်ပုံများကို အချိန်ယူလေ့လာရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည်။   မြန်မာနိုင်ငံတွင် ယခင်က ကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard)  မရှိသည့်အတွက်   ပိုင်နက်ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊   ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရသည်။ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ပိုင်နက်ပင်လယ်ဇုန်များ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကဏ္ဍများကို  အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ပြင် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊  ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိနေပြီဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard)နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအချို့၏ ကမ်းခြေစောင့်တပ် အကြောင်းကို လေ့လာလျှင် နိုင်ငံတစ်ခုချင်းစီ၏ ပထဝီဝင်အရ မရှိမဖြစ်ရှိရမည့် အဖွဲ့အစည်းဖြစ်သည်။ အဆိုပါ နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် အထူးသတ်မှတ်ချက်အနေဖြင့် စနစ်တကျ ဖွဲ့စည်းထားသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့် ပင်လယ်ပြင်လုံခြုံရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေး ဆိုင်ရာတာဝန်များကို ထမ်းဆောင်ကြသည်။ နိုင်ငံအလိုက် အမည်၊ တာဝန်နှင့် လုပ်ဆောင်ချက်များ ကွဲပြားခြားနား ကြသော်လည်း ကမ်းခြေစောင့်တပ်ဖွဲ့ အားလုံးသည် မိမိနိုင်ငံ၏ ပင်လယ်နယ်မြေဆိုင်ရာ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့် တူညီသည့် ရည်မှန်းချက်ပင် ဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်ကမ်းခြေစောင့်တပ် (United State Coast Guard-USCG) တို့၏ ရည်မှန်းချက်တာဝန်များမှာ  ပြည်တွင်းသင်္ဘော လမ်းကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်ခြင်း၊   လူကုန်ကူးမှု၊   မူးယစ်ဆေးဝါး ကုန်ကူးမှုတားဆီးခြင်းနှင့်   သဘာဝ ဘေးအန္တရာယ်တွင်   ကယ်ဆယ်ရေး ဆောင်ရွက်ခြင်းဆိုသည့် အချက်များပင်ဖြစ်ပေသည်။   ထိုအဖွဲ့၏ ထူးခြားချက်မှာ အမေရိကန်တပ်မတော် အဖွဲ့အစည်းများအနက်   တစ်ခုအဖြစ်   လည်ပတ်ပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ရခြင်းပင် ဖြစ်သည်။ ဂျပန်ကမ်းခြေစောင့်တပ် (Japan Coast Guard-JCG)သည် ငါးဖမ်းနယ်မြေအတွင်း ဥပဒေအား ကာကွယ်ရေး၊  ရေငုပ်ခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ကုန်ကူးမှုတားဆီးခြင်းဆိုသည့် ရည်မှန်းချက် တာဝန်တို့ကို ဆောင်ရွက်ရသည်။

ဂျပန်နိုင်ငံသည်    ပင်လယ်နယ်မြေများသည့်       နိုင်ငံဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ရခြင်းပင်ဖြစ်သည်။ ထို့အတူ အိန္ဒိယကမ်းခြေစောင့်တပ် (Indian Coast Guard-ICG) သည် အိန္ဒိယ ပင်လယ်နယ်မြေများတွင် ဥပဒေစိုးမိုးရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးခြင်းဆိုသည့်   ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရသည်။ ICG ၏ ထူးခြားချက်မှာ အိန္ဒိယ၏ ကမ်းခြေ အနီးရှိ ကျွန်းများနှင့် ပင်လယ်ဘေးကမ်းရိုးတန်း တစ်လျှောက်နယ်မြေများကို ထိန်းသိမ်းရခြင်းပင်ဖြစ်သည်။

ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard)ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းပြီးဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ရေကြောင်းစီရင်ပိုင်ခွင့် အာဏာများ ထိန်းသိမ်းဆောင်ရွက်ရန်၊ ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာ စီးပွားရေး လုပ်ငန်းများနှင့်  ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန်၊ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေးနှင့်  လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ နိုင်ငံတကာ    ကမ်းခြေစောင့်တပ်ဖွဲ့များ၊  ရေကြောင်းအဖွဲ့အစည်းများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ  မြှင့်တင်ရန်နှင့်  အရေးပေါ် အခြေအနေကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန်ဆိုသည့် ရည်မှန်းချက်တာဝန်(၅)ရပ်ကို ထမ်းဆောင်နိုင်စေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကို   နိုင်ငံတော်အကြီးအကဲက အမြော်အမြင် ကြီးမားစွာဖြင့်  ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သည့်  ပထမဦးဆုံးသော   မြန်မာနိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်သည်။  စတင်ဖွဲ့စည်းချိန်တွင် အမြန်သွား ကင်းလှည့်ရေယာဉ်    နှစ်စင်း၊   ကမ်းခြေစောင့်       ကင်းလှည့်ရေယာဉ်နှစ်စင်း၊   အရာရှိ  ၃၃ ဦး၊  စစ်သည် ၂၃၀  ဦးတို့ဖြင့်  ဦးစွာဖွဲ့စည်းခဲ့ကြသည်။   စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယခုအခါ (၃) နှစ်ပြည့်မြောက်ပြီဖြစ်ပေရာ  တပ်ဖွဲ့၏   ရုပ်ပိုင်းဆိုင်ရာနှင့်   ဖွဲ့စည်းပုံဆိုင်ရာများတွင်  ယခင်ထက်ပြည့်စုံအောင် နိုင်ငံတော်မှ  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး   ဆက်လက်၍လည်း     ဖြည့်ဆည်းပေးနေမည်ဖြစ်သည်။

မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပြီး ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ ထိုသို့ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက်  တပ်ဖွဲ့ဝင်တစ်ဦးချင်း စဉ်ဆက်မပြတ် လေ့ကျင့်နေရန်ဖြစ်သည်။

ထိုသို့ လေ့ကျင့်ရေးဆောင်ရွက်ခြင်းဖြင့် စိတ်ပိုင်း၊   ရုပ်ပိုင်းဆိုင်ရာများ   ပိုမို ကောင်းမွန်လာမည်ဖြစ်ပြီး  တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ ယုံကြည်မှု၊ ကျွမ်းကျင်မှုများနှင့် ရေယာဉ်များ၏ စွမ်းပကားများကို အသုံးချနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ လေ့ကျင့်သားပြည့်ဝမှု၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှုတို့ဖြင့် ကမ်းခြေစောင့် တပ်ဖွဲ့၏ဆောင်ပုဒ်ဖြစ်သည့်  “စောင့်ရှောက်ကာကွယ်ဒို့ပင်လယ်”   ဟူသော ရည်မှန်းချက်ကိုလည်း  အောင်မြင်စွာ အကောင် အထည်ဖော်နိုင် မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့အား  ကွပ်ကဲမှုဌာနချုပ်တစ်ခုနှင့် အမှတ်(၁)ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်စုအား စတင်ဖွဲ့စည်းခဲ့ပါသည်။   ၂၀၂၂  ခုနှစ် ဒီဇင်ဘာလ  ၂၄  ရက်နေ့တွင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် ရုံးသစ်ဖွင့်ပွဲသို့ နိုင်ငံတော်အကြီးအကဲက တက်ရောက်ချီးမြှင့်ပေးခဲ့သည်။  ၂၀၂၁ ခုနှစ်မှ  ၂၀၂၄  ခုနှစ်အထိ  သုံးနှစ်တာကာလအတွင်း “နောင်ရိုးစစ်ဆင်ရေး”အမည်ဖြင့်   ရေကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးတွင် လိုင်စင်မဲ့ရေယာဉ် နှစ်စင်း၊ တရားမဝင်ရေယာဉ် သုံးစင်း၊ ခိုးဝင် ဘင်္ဂါလီလှေ တစ်စင်း၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရေယာဉ်တစ်စင်း၊ သစ်မှောင်ခိုလှေ    နှစ်စင်း၊ ကုန်တင်(ကုန်မဲ့)လှေသုံးစင်းနှင့် ဆီအညစ်အကြေး စွန့်ပစ်သည့် ကွန်တိန်နာရေယာဉ်တစ်စင်းတို့အား ဖမ်းဆီးရမိခဲ့သည်။ ရှာဖွေကယ်ဆယ်ရေး အနေဖြင့် ရေဝင်တိမ်းစောင်း နစ်မြုပ်လျက်ရှိသည့်  ကျားပိုက်ငါးဖမ်းလှေမှ ရေလုပ်သား ၂၂ ဦး၊ ကြိုးပြတ်၍  ရေမျောနေသည့်  ကျားဖောင်ရေလုပ်သားသုံးဦးနှင့် ရေဝင်နစ်မြုပ်နေသည့် ဒေသခံချွန်းလှေမှ ရေလုပ်သား သုံးဦးတို့အား အသက်ဘေးမှ ကယ်ဆယ်နိုင်ခဲ့သည်။ ထို့ပြင် လေ့ကျင့်ရေးနှစ်များအလိုက်ပြည်ပနိုင်ငံများသို့ အရာရှိ၊ စစ်သည် ၅၅ ဦးတို့အား ပညာတော်သင်စေလွှတ်နိုင်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေး အနေဖြင့် ဒေသတွင်း  နိုင်ငံများ၏  ကမ်းခြေစောင့် တပ်ဖွဲ့ဆိုင်ရာ  ကိစ္စရပ်များကို အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် အာဆီယံအဖွဲ့အစည်းတို့ဖြင့် တွေ့ဆုံညှိနှိုင်းခြင်း၊ Virtual စနစ်ဖြင့် အစည်းအဝေး တက်ရောက်ခြင်းတို့အား နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ကမ်းခြေစောင့်တပ်ဖွဲ့၏   သဘောသဘာဝအရ မြန်မာ့ပင်လယ်ပြင်အတွင်း နိုင်ငံတကာ ရေယာဉ်များအား စစ်ဆေးကြပ်မတ် ထိန်းသိမ်းရခြင်း၊ နိုင်ငံတကာကမ်းခြေစောင့် တပ်ဖွဲ့များ၊ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရခြင်းတို့ကြောင့် ရေကြောင်းဆိုင်ရာ ဥပဒေပညာရပ်များအား စစ်ဘက်/နယ်ဘက် တက္ကသိုလ်များတွင် လေ့လာသင်ယူစေခြင်းတို့အပြင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့  ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းတို့ကိုလည်း    ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သည် နှစ်အလိုက်ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာ ကာလအတွင်း သတ်မှတ်လုပ်ငန်း တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။  တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပေးအပ်ထားသည့် ၄၈ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ် လေးစင်းတို့ကိုလည်း တပ်တော်ဝင်အခမ်းအနား ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့(Myanmar Coast Guard)တွင် ကမ်းလွန်ကင်းလှည့် ရေယာဉ်တစ်စင်း၊ အမြန်သွားကင်းလှည့်ရေယာဉ် ခုနစ်စင်း၊ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ငါးစင်း၊ တွဲဆွဲ ရေယာဉ်တစ်စင်းနှင့် ရှာဖွေကယ်ဆယ်ရေး ကင်းလှည့်ရေယာဉ်လေးစင်း စုစုပေါင်း ၁၈ စင်းတို့ဖြင့် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ကာကွယ်စောင့်ရှောက်လျက်ရှိပေသည်။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည် ဟူသည့် နဂိုအရင်းခံစိတ်ဓာတ်ကောင်းများဖြင့် ဝင်ရောက် အမှုထမ်းသူများဖြစ်ကြသည်။ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ရှိရင်းစွဲစိတ်ဓာတ်ကောင်းများကို အခြေခံ၍ မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း “စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်”ဟူသော ကမ်းခြေစောင့်တပ်ဖွဲ့၏ ဆောင်ပုဒ်ကို မြှင့်တင်ကြရမည်ဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို  ကာကွယ်နိုင်သည့် စွမ်းရည်ထက်မြက်သော  စံပြကမ်းခြေစောင့်တပ်ဖွဲ့အဖြစ် ထာဝရ ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်တောင်းရင်း (၃)နှစ်ပြည့်  နှစ်ပတ်လည်နေ့တွင်  ဂုဏ်ပြုရေးသားအပ်ပါသည်။    ။