မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

    "တို့ ဒီအတိုင်းနေလို့မဖြစ်ဘူး၊ ကလေးက တစ်နေကုန်ခံနိုင်မှာမဟုတ်ဘူး။ လှေကလည်း ရှေ့တိုးလို့မရတော့ဘူး၊ ထုံးကျီမြစ်အထက်ပိုင်းမှာ တောင်ရှည်ရွာ ဆိုတာရှိတယ်၊   အဲဒီကျွန်းဘက်   ရွက်ကန့်တိုက်ကြမယ်"

"ဖြစ်ပါ့မလားဟ၊   ရေနဲ့လေ   တစ်ဖက်တည်းစီးနေတော့ ဘေးစောင်းကြီး ခံနေမှာပေါ့"

"ရတယ် ရတယ် လုပ်သာလုပ်ပါ "

သိန်းနုအောင်မှာ  ကျွန်တော့်ထက်  ရေကြောင်း ခရီးသွားလာပြီး  ပိုက်လိုက်ဖူးသူဖြစ်၍   ရေကြောင်း၊

လေကြောင်းကို   ကျွန်တော့်ထက်   သိသယောင်ရှိသည်။   ကျွန်တော်တို့မှာ  လူတွေရှိသောနေရာသို့ ရောက်ရှိရေးသည်  အဓိကဖြစ်နေသဖြင့်  လှေဦးကို ထုံးကျီမြစ်ညာဘက်သို့ လှည့်ပေးလိုက်တော့သည်။

ရွက်အတွင်းသို့  လေဝင်စေရေးအတွက်  ရွက်နပျံကြိုးများကို  သိန်းနုအောင်နှင့် မြသိန်းတို့က  ခပ်တင်းတင်းဆွဲပြီး လှေထုပ်တန်းတွင် ဆွဲချည်လိုက် ကြသည်။ ရွက်ကန့်တိုက်ခြင်းမှာ လေကြောင်းမတည့် သော်လည်း ရေဆွဲအားက တစ်ဖက်၊ လေစီးအားကတစ်ဖက်ဆို ရွက်ကိုလေစားခံပြီး ရွက်တိုက်နိုင်သောနည်း တစ်မျိုးပင်ဖြစ်သည်။

"ကဲ ထုံးကျီမြစ်ကြောင်း ရေဆွဲရောက်ဖို့လိုတယ်၊ နည်းနည်းတက်ကူပေးလိုက်ကြဦး"

ကျွန်တော့်စကားကြောင့် သူငယ်ချင်းနှစ်ယောက်မှာ  နွမ်းလျပူလောင်မှုကြားက  ခတ်တက်ကို   ခပ်တင်းတင်း ဆွဲခတ်လိုက်ကြပြန်သည်။

"ကဲ . . . . ရပြီ ရပြီ ရပ်လိုက်ကြတော့၊  ရွက်ကို လေဝင်လာပြီ"

ဆာလောင်မွတ်သိပ်နေ၍ပဲထင်သည်၊ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်မှာ ခတ်တက်ကို ဆွဲတင်ပြီး ဓနိပုံပေါ်တွင် လှဲအိပ်လိုက်ကြတော့သည်။ ရွက်တိုက်၍ရလျှင် တက်ခတ်ရန်မလိုပေ။ နေပူဒဏ်မှကာကွယ်ရန်အတွက် သူတို့မျက်နှာကို ခမောက်တွေဖြင့် ဖုံးအုပ်ထားလိုက်ကြသည်။  ညီလေးကတော့  ကျွန်တော့် ရှေ့မှာပဲ  ဓနိပုံပေါ်တွင်  ခွေခွေကလေး  အိပ်နေရှာသည်။

ကျွန်တော့်မှာ ရွက်ကိုလေဝင်အောင် ကြိုးစားရင်း ပဲ့ကိုင်ပေးနေရသည်။ နေကလည်း မွန်းတည့်နေပေပြီ။ ကဆုန်နွေမို့ ပူလိုက်သည်မှာ ပြောစရာမရှိပြီ။ ကျွန်တော့်မှာ   ညီလေးကို   ခဏခဏငုံ့ကြည့်နေမိ သည်။  ကျွန်တော်၏ အသိမဲ့မှုကြောင့်  ဖြစ်တည်ခဲ့ ရသော ဒုက္ခသစ္စာ၏ သောကရပ်ဝန်းသည် ပိုမိုကျယ် ဝန်းနက်ရှိုင်းလာခဲ့ရသည်။  သူငယ်ချင်းနှစ်ယောက်မှာလည်း    ထမင်းနာကျသွားကြလေပြီလားမသိ။ တုတ်တုတ်မျှ မလှုပ်ကြတော့။

ရေတက်ကြမ်း၍ လေကလည်းပြင်းလာရာ ထိပ်ကွဲလှိုင်းခေါင်းဖြူများက   ပြေးပြေးလွှားလွှား ရောက်လာကြသည်။ ဓနိလှေမှာ လှိုင်းသရမ်းများကို တစ်လုံးပြီးတစ်လုံး ကျော်နင်းရင်း ရှေ့သို့ အင်အားရှိသမျှ တိုးနေပေသည်။ လေတိုးအားသိပ်မရှိသည့် အချိန်တွင် ရွက်နှစ်ဖုံမှာ လေလျော့ကျပြီး တဖြန်းဖြန်း ရုန်းခါလှုပ်ရှားနေပေ၏။ ကျွန်တော့်မှာ ရွက်သို့လေဝင်ရေးကိုသာ ပစ်မှတ်ထားပြီး ကြိုးစားနေရသည်။ လေတစ်ဖက်စီးဝင်တိုးနေမှုကြောင့်  လှေမှာခပ်စောင်း စောင်းရွေ့လျားနေပေသည်။ သို့သော် သွားသည်ဟု ဆိုရုံမျှသာ။ သိပ်တော့ အဟုတ်ကြီးမဟုတ်။ တဖြည်း ဖြည်း နေမွန်းစောင်းလာခဲ့ချေပြီ။

"ဟာ.. . ဟဲ့ ဟဲ့ ဟဲ့၊ လှေစောင်းသွားပြီ လှေစောင်း သွားပြီ၊ ဘယ်လိုလုပ်ကြမှာတုံး လုပ်ကြပါဦး"

မမျှော်လင့်သောအဖြစ်မို့ ကျွန်တော့်မှာ ဆောက်တည်ရာမရတော့ပေ။  ဟော ဓနိလှေ တိမ်းစောင်းပြီး နစ်မြုပ်သွားခဲ့လေပြီ။  ရှေ့ဘက်ကဓနိပုံရော  နောက်ဘက်ကဓနိပုံများပါ ဖရိုဖရဲဖြင့် ပြိုကွဲသွားကြလေပြီ။ လှိုင်းစစ်သည်တို့၏ တိုက်စစ်ကြောင့် ဓနိချပ်များကို အစုအပုံဟူ၍ပင် မမြင်လိုက်ရတော့ပေ။ ပင်လယ်ရေပြင်ထဲသို့ တစ်ချပ်ချင်း လွင့်မျောပါသွားခဲ့ကြလေ ပြီ။

ပုဆိုးလေးတစ်ကွင်းနှင့် အင်္ကျီလေးတစ်ထည်ကို ထည့်ယူလာသော  ညီလေး၏  ချည်လွယ်အိတ်ကလေးမှာ ချာလပတ်လည်ပြီး မျောသွားရာ ညီလေးက ကမန်းကတန်း လှမ်းကောက်ဆွဲလိုက်သည်။ ချက်ချင်းပင်  တစ်ပတ်လျှို ချည်ထားသော  လွယ်အိတ်ကွင်း ကလေးကို  ညီလေးလက်လျှိုသွင်းကာ ချိုင်းကြားတွင် ညှပ်ထားလိုက်သည်။ ညီလေး၏မျက်နှာ နုထွတ်ထွတ်ကလေးမှာ ကြောက်ရွံ့စိတ်ဖြင့် ဆောက်တည် ရာမရဖြစ်နေ၏။  တစ်ဆက်တည်းပင် ကျွန်တော့် လည်ပင်းအား  ခုန်ယမ်းဖက်တွယ်ထားလိုက်သည်။ ညီလေးခန္ဓာကိုယ်လေး တဆတ်ဆတ်တုန်နေ၏။

"သိန်းနုအောင်၊ မြသိန်း မင်းတို့ ရွက်တွေ ကြိုးတန်းလန်းကြီးဖြစ်နေတယ်၊ နုတ်ပစ်လိုက်ကြ"

သိန်းနုအောင်နှင့်   မြသိန်းတို့မှာ   ရွက်တိုင်ကို နုတ်ပစ်လိုက်ကြရာ  မြစ်ပြင်ကျယ်အောက်မြုပ်ဆင်း သွားခဲ့လေပြီ။ သိပ်မကြာ လှေမှာ အလေးညီသွားပြီး ပြန်လည်တည့်မတ်သွားသည်။   သို့သော်  လှေမှာ ရေပေါ်သို့ကား လုံးလုံးကြီးပေါ်မလာ။ လှေဝမ်းဗိုက်သားကိုနင်းပြီး လူသုံးယောက် မတ်တတ်ရပ်နေလျှင် ဦးခေါင်းကလေး သုံးလုံးပေါ်ရုံမျှသာပေါ်သည်။ လှိုင်းတစ်လုံးစီ ပြေးရိုက်လိုက်တိုင်း ဦးခေါင်းကိုကျော်နင်း သွားကြသည်။ လှိုင်းတွေ ဦးခေါင်းပေါ်မှ လျှောကျသွားမှသာ   မျက်နှာကိုလက်တစ်ဖက်ဖြင့်  အလုအယက်ပွတ်သပ်ချရသည်။  ကျွန်တော်တို့တစ်တွေ မှာ နေလောင်မှုဒဏ်နှင့် ဆာလောင်မှုဒဏ်တို့အပြင် လှိုင်းရိုက်ဒဏ်ကိုပါ  ခံနေကြရပေပြီ။   ကျွန်တော်တို့ ကမ္ဘာ ပျက်လုခမန်း ခံစားနေကြရချေပြီ။

လှိုင်းနှင့်အတူ လွင့်စဉ်မသွားစေရေးအတွက် သိန်းနုအောင်နှင့်မြသိန်းတို့က ခတ်တက်စင်ကို လက်လျှိုသွင်းပြီး တွယ်ချိတ်ထားကြသည်။ ကျွန်တော့်မှာ ညီလေးကို ပခုံးပေါ်မတင်ပြီး ခြေထောက် နှစ်ဖက် ကို   ကျွန်တော့်လည်ပင်းအား   ညှပ်ထားစေလိုက်သည်။ သူ့လက်ချောင်းကလေးများဖြင့် ကျွန်တော့် မေးစေ့အောက်နားကို တင်းတင်းကိုင်ထားစေသည်။ သည်အတိုင်းဆိုတော့ ညီလေး ဦးခေါင်းတစ်လုံးက လှိုင်းရိုက်ဒဏ်မှ လွတ်နေပေသည်။ တော်ပေသေးရဲ့။ ကျွန်တော်တို့လိုသာ ညီလေးခံနေရလျှင် ဘယ်သို့နေ လေမလဲ။  ကျွန်တော်ဆက်မတွေးရဲတော့။  ရေသေ ရက်မို့လို့ လှိုင်းသိပ်မကြီးလို့ တော်သေးသည်။

ဆက်လက်ဖော်ပြပါမည်။