မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ် (၇/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ် (၇/၂၀၂၄) သင်တန်းဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တိုးချဲ့ ရုံးအဆောက်အအုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
သင်တန်းတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသ ပေးမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းအောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၃၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို အောက်တိုဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။