ရာသီဥတုပြောင်းလဲမှုကို ကျော်လွှားရေး စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ် ဖော်ဆောင်ပေး ရာသီဥတုပြောင်းလဲခြင်းကြောင့် အပင်နှင့်တိရစ္ဆာန်များအပေါ် အကျိုးသက်ရောက်မှု
ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် အပင်များပျက်စီးပြီး အထွက်နှုန်းအပေါ် များစွာထိခိုက်စေနိုင်ကြောင်း သုတေသီများကဆိုသည်။ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ရေကြီးခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်းနှင့် ပင်လယ်ရေမြင့်တက်လာခြင်းတို့ ဖြစ်စေပြီး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အပင်နှင့်သီးနှံထွက်နှုန်းတို့ကို တိုက်ရိုက်ထိခိုက်နိုင်သည်။ အပူချိန်မြင့်တက်လာခြင်းကြောင့် အပင်ကြီးထွားနှုန်း ကောင်းစေနိုင်သော်လည်း ညအပူချိန် မြင့်တက်လာခြင်းကြောင့် အပင်ကိုထိခိုက်စေနိုင်သည်။ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ညအပူချိန် ၁°C တိုးလာတိုင်း စပါးအထွက်နှုန်း ၁၀ ရာခိုင်နှုန်းလျော့ကျစေနိုင်ကြောင်း သိရှိရသည်။
ထို့အတူ ပြောင်းကဲ့သို့သော ကောက်ပဲသီးနှံများတွင် အပူချိန်မြင့်မားတိုးတက် လာခြင်းကြောင့် မျိုးပွားမှုကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပြီး အပူချိန် ၃၀°C အထက် ဆက်တိုက်ရောက်ရှိနေပါက ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ထွက်နှုန်းလျော့နည်း စေနိုင်သည်။
မွေးမြူရေးလုပ်ငန်းတွင်လည်း အပူချိန် မြင့်တက်လာခြင်းကြောင့် တိရစ္ဆာန်များကို စိတ်ဖိစီးမှု (Stress) ဖြစ်စေပြီး ကြီးထွားနှုန်း ကျဆင်းခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ တိရစ္ဆာန်တို့၏ အမူအကျင့်ပြောင်းလဲလာခြင်း၊ မွေးမြူရေး လုပ်ငန်းမှ အနံ့ဆိုးများ ထွက်ပေါ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်စေခြင်း စသည့် ဆိုးကျိုးများကိုဖြစ်စေသည်။
ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနှင့် အတူ ရေရှားပါးလာခြင်း၊ စားကျက်ရှားပါးလာခြင်း၊ တိရစ္ဆာန်တို့၏ အစာစားနှုန်းလျော့ကျစေပြီး အာဟာရချို့တဲ့လာခြင်းနှင့် ရောဂါကျရောက်လွယ်ခြင်း စသည့်အကျိုးဆက်များကိုလည်း ဖြစ်စေနိုင်သည်။ ကမ္ဘာ့အပူချိန် ၁°C တိုးလာတိုင်း ကမ္ဘာ့နွားနို့ထွက်နှုန်း ၁၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း ပညာရှင်များက သုံးသပ်ဖော်ပြထားသည်။
တိရစ္ဆာန်ရောဂါ ကျရောက်မှုများ၊ အစားအစာဘေးကင်း လုံခြုံမှုစီမံခန့်ခွဲရေးနှင့် ဈေးကွက်နည်းဗျူဟာများသည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရာတွင် မွေးမြူရေးသမားများအတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အဆိုအရ ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ထွက်နှုန်းသာမက အစားအစာ အရည်အသွေးကိုပါ ထိခိုက်နိုင်သဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးကို ဆိုးကျိုးများ သက်ရောက် နိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေရှိပြီး ရေရှည်တည်တံ့သော ထုတ်လုပ်မှုစနစ် ဖြစ်ပေါ်လာရေးအတွက် နည်းဗျူဟာများကို အလေးထားစဉ်းစား ဆောင်ရွက်ရန် လိုအပ်သည်။
ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သောစိုက်ပျိုးရေး
ယနေ့ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းနှင့် အပူချိန်မြင့်တက်လာခြင်းတို့ကြောင့် အနာဂတ်တွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေးနည်းစနစ်များ(Climate Smart Agriculture) မဖြစ်မနေ လိုအပ်လာပြီဖြစ်သဖြင့် ပညာရှင်များ တစိုက်မတ်မတ် စူးစမ်းရှာဖွေဆောင်ရွက် လာကြသည်ကို တွေ့ရသည်။ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေး စနစ်ဖြစ်စေရန် သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု လျှော့ချရေး၊ သီးနှံထွက်နှုန်းရေရှည် ထိန်းသိမ်းရေး၊ မြေဆီလွှာမပျက်စီးအောင် ထိန်းသိမ်းရေး၊ အပင်နှင့်မွေးမြူရေး တိရစ္ဆာန်များ ရောဂါဒဏ်
ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး စသည့်အချက်များကို ဦးစားပေး ဆောင်ရွက်ကြရန် တိုက်တွန်းထားကြသည့်အပြင် ရေရှည်တွင် ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်တို့ကို ပေါင်းစည်းစိုက်ပျိုး မွေးမြူရေးစနစ်သည် ပြောင်းလဲလာသည့် ရာသီဥတု၏ ဆိုးကျိုးများကို လျှော့ချစေနိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ပညာရှင်များက ဆန်းစစ်သုံးသပ်လာကြသည်ကိုလည်း တွေ့ရှိရသည်။
အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်
အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်၌ ခြံတစ်ခုတည်းမှာ အပင်နှင့်တိရစ္ဆာန်တို့အတွက် အာဟာရ၊ ရေနှင့် စွမ်းအင်တို့ကို လည်ပတ်သုံးစွဲရန် အခွင့်အလမ်းများ ရရှိနိုင်သည့်စနစ်ဖြစ်ပါသည်။ ထုတ်လုပ်မှုအတွက် သွင်းအားစု (ဥပမာ- ဓာတ်မြေဩဇာ၊ တိရစ္ဆာန်အစာ၊ စွမ်းအင် စသည်) ချွေတာနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြု၍ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကို လျှော့ချခြင်းအားဖြင့် အကျိုးအမြတ်ကို ပိုမိုရရှိစေနိုင်ပါသည်။ အဆိုပါ စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်တွင် လုပ်ငန်းတစ်ခု သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု မတော်တဆ ပျက်စီးဆုံးရှုံး သွားပါက နောက်တစ်ခုက ပြန်လည်ကုစားပေးနိုင်သဖြင့် ထုတ်လုပ်မှုကျဆင်း မသွားရေးကို ထိန်းသိမ်းထားရန် အခွင့်အလမ်းများ ပိုမိုရရှိစေသည်။ အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ် အမျိုးမျိုးရှိသည့်အနက် မိမိတို့ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီပြီး တွက်ခြေကိုက်မည့်စနစ်ကို ရွေးချယ်လုပ်ကိုင်နိုင်သည်။
ရာသီဥတုနှင့်လိုက်လျောညီထွေသော အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ် အပူပိုင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်တို့ကို စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်များ(Crop-livestock Integrated Farming System)သည် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူသူများ၏ မိသားစုဝင်ငွေ ရရှိစေသည့် ပင်မလုပ်ငန်းဖြစ်သည်။ သုတေသီများ၏ တွက်ချက်မှုအရ ကမ္ဘာ့နို့နှင့်အမဲသား ထွက်ကုန်များ၏ ၈၀ ရာခိုင်နှုန်းသည် ထိုသို့ရောနှော စိုက်ပျိုးမွေးမြူ သည့်စနစ်မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်သည် ကမ္ဘာအရပ်ရပ်ရှိ ရာသီဥတုနှင့် မြေဆီလွှာအမျိုးအစား မတူကွဲပြားကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် တွေ့ရှိရသည်။ ထိုစနစ်များသည် တစ်နိုင်တစ်ပိုင်တောင်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် အစားအစာ ဖူလုံရေးအတွက် အလွန်အရေးပါပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အတွက်လည်း အဓိကကျသည့်လုပ်ငန်းဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်တွင် မတူညီသောသီးနှံများကို တစ်လှည့်စီ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကျန်းမာရေးအပေါ် အပြုသဘော သက်ရောက်မှုရှိရုံမက ပေါင်းပင်နှင့်ပိုးမွှားများ ကျရောက်မှုကိုလည်း လျော့နည်းစေနိုင်သည်။ အထူးသဖြင့် ပဲမျိုးနွယ်ဝင်အပင်များကို အလှည့်ကျစိုက်ပျိုးပေးခြင်းဖြင့် မြေတွင်းနိုက်ထရိုဂျင်ဓာတ်ကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး မြေသြဇာလိုအပ်မှုကိုလည်း လျော့နည်းစေသည်။ ထို့ပြင် အပင်ဘေးထွက် ပစ္စည်းများကိုလည်း ပရိုတင်းဓာတ်မြင့်မားသည့် မွေးမြူရေးအစာအဖြစ် ပြန်လည်အသုံးပြုနိုင်သည်။
နိုင်ငံများအလိုက် စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ် သုတေသနတွေ့ရှိချက်များ
ဘရာဇီးနိုင်ငံ၌ ပဲပုပ်၊ ပြောင်း စသည့် သီးနှံများနှင့် နွားမွေးမြူရေး၊ ယူကလစ်ပင် စိုက်ပျိုးရေးကို ပေါင်းစည်းစိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကြသည့် လုပ်ငန်းများအပေါ် လေ့လာချက်အရ မြေယာကိုအကျိုးရှိစွာ အသုံးချနိုင်ပြီး ထုတ်လုပ်မှု ပိုမိုတိုးတက်ရုံမက စားကျက်ရှားပါးမှုနှင့် သစ်တောပြုန်းတီးခြင်းကို ရှောင်ရှားနိုင်ကြောင်း၊ ပဲမျိုးနွယ်သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်းဖြင့် သီးနှံသီးသန့် စိုက်ပျိုးသူများထက် အမြတ်ငွေ ၄ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအထိ ပိုမိုရရှိနိုင်ကြောင်း သုတေသီများက တွေ့ရှိထားသည်။
ဩစတြေးလျနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းလုပ်ငန်းများကို လေ့လာမှုများအရ မိုးနည်းသည့်ဒေသများတွင် သီးနှံစိုက်ပျိုးခြင်းကို တိရစ္ဆာန်လွှတ်ကျောင်းနှုန်းမှန်ကန်စွာ ပေါင်းစည်းစိုက်ပျိုး မွေးမြူခြင်းဖြင့် ရေရှည်တွင်အမြတ်အစွန်း ပိုမိုရရှိစေခြင်း၊ မြေဆီလွှာကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလျော့ကျစေခြင်း၊ မြေဆီလွှာအော်ဂဲနစ်ကာဗွန်ဓာတ်ကို တိုးလာစေခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်သည့် ထိခိုက်မှုများကို သက်သာစေနိုင် ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေကြောင်း၊ စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်တွင် ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်လွှတ်ကျောင်းခြင်းသည် ဟန်ချက်ညီမှုရှိရန် လိုအပ်ကြောင်းနှင့် တိရစ္ဆာန်လွှတ်ကျောင်းနှုန်း (Stocking rate)ကို ထိရောက်စွာ အလိုက်သင့်ပြုပြင် ပြောင်းလဲခြင်းဖြင့် ပျမ်းမျှအမြတ်အစွန်း ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း သုတေသီများက တွေ့ရှိထားသည်။
အာဖရိကနိုင်ငံများ၌ လေ့လာချက်များအရ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုး၊ မွေးမြူရေးစနစ်ကို အကောင်အထည်ဖော်ရန် တောင်သူများ၏ ဗဟုသုတကြွယ်ဝမှုနှင့် ပညာအရည်အချင်းအပေါ် များစွာမှီတည်နေကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုပြဿနာနှင့် ၎င်းကို ကျော်လွှားမည့်နည်းလမ်းများ၊ လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးမွေးမြူရေး စနစ်များကို တောင်သူများအား ထိရောက်စွာ ပညာပေးရန် လိုအပ်နေသေးကြောင်း ပညာရှင်များက ဖော်ပြထားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြသည့် တောင်အာရှနိုင်ငံ အချို့တွင်လည်း ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်များကို စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်များဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ် လာမည့် အကျိုးဆက်များကို ကျော်လွှားနိုင်သည့် နည်းစနစ်များအကြောင်း တောင်သူများအကြား အသိပညာဗဟုသုတကွာဟချက်များ ရှိနေသေးကြောင်း ထောက်ပြထားသည်။
စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်များ၏ အကျိုးကျေးဇူးများ
ပညာရှင်များ၏ခန့်မှန်းချက်အရ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် သန်း ၉၀၀၀ ဦးရေအထိ ရှိလာမည်ဖြစ်ရာ တိုးပွားလာမည့်လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံရေးကို ပိုမိုအလေးပေးဆောင်ရွက်ရမည်ဖြစ်သည်။ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲမှုလျှော့ချရေး အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာ့နိုင်ငံအများစုအတွက် အလွန်အရေးပါနေဆဲဖြစ်သည်။
တစ်ဖက်ကလည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် သဘာဝတရား၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နည်းလမ်းများကို ဆက်လက်ရှာဖွေနေရမည်ဖြစ်သည်။ မြန်မာနိုင်ငံ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေး မဟာဗျူဟာ(Myanmar Climate-Smart Agriculture Strategy)၏ ရေတိုလုပ်ငန်းစဉ်(၁၁)ရပ်တွင်လည်း “ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေးစနစ် ဖြစ်ပေါ်လာရေးအတွက် တွန်းအားပေး ဆောင်ရွက်ရန်” ဟူသည့်အချက်ပါရှိသည်။ ထို့ကြောင့် နောင်ဖြစ်ပေါ်လာမည့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ကျော်လွှားနိုင်ရန် စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်များကို စီမံဆောင်ရွက်ရာတွင် ဇယားပါ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO)မှ အကြံပြုထားသည့် ပေါင်းစည်းစနစ် အမျိုးမျိုးတို့၏ ရရှိနိုင်သည့် အကျိုးကျေးဇူးအသီးသီးကို ထည့်သွင်းစဉ်းစားနိုင်ပါကြောင်း မျှဝေရေးသား တင်ပြလိုက်ရပါသည်။ ။