ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက အဆင့် (၈) နေရာတွင်ရပ်တည်
ရန်ကုန် ဖေဖော်ဝါရီ ၂၉
ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှ ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံးအဆင့်(၈)နေရာတွင်ရှိကြောင်း Seasia Stats သတင်းဌာန၏ ဖော်ပြချက် အရသိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပနိုင်ငံများသို့ နှစ်စဉ်ဆန်တန်ချိန် ၂ ဒသမ ၁ သန်း တင်ပို့လျက်ရှိရာ နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် သန်း ၈၀၀ နီးပါး ရရှိလျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုလျော့နည်းသွားသော်လည်း တင်ပို့သည့်ဆန်များမှာ ပြည်ပနိုင်ငံများတွင် စျေးနှုန်းမြင့်တက်နေသည့်အတွက်ကြောင့် ဝင်ငွေရရှိမှု လျော့နည်းမသွားကြောင်း၊ ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ ၅၇၄ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားချက်အရ သိရသည်။
လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၌ ဆန်စျေးကွက်တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသည့် ကာလ အတွင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုကိုလျှော့ချသွားမည်ဖြစ်ပြီး ပုံမှန်အားဖြင့် ပြည်ပသို့နှစ်စဉ်ဆန် တန်ချိန် ၂ ဒသမ ၁ သန်းတင်ပို့လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန်တစ်သန်းကျော်သာ တင်ပို့နိုင်တော့မည်ဖြစ်၍ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဝန်းကျင်ရရှိမည်ဟု ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန်၂ ဒသမ ၄ သန်း တင်ပို့ နိုင်ခဲ့ရာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးအဆင့် (၅)နေရာတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ပွင့်သစ္စာ