မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ကျွန်တော့်မှာ လှေဝမ်းဗိုက်မှ လွင့်စဉ်မသွားစေရေးအတွက် တက်မ, စင်ကို လက်လျှိုသွင်းပြီး တင်းတင်းကုပ်ဆွဲထားသည်။ လှေမှာ ရေအောက်မှပင် မရွေ့ချင် ရွေ့ချင် ရွေ့နေပေသည်။ အကြိမ်ပေါင်းများစွာ လှိုင်းရိုက်လာတော့ မွန်းကျပ်မှုက ပိုမိုပြင်းလာသည်။
ခန္ဓာကိုယ်တစ်ခုလုံး နုံးချည့်လာရာ တစ်ချီတစ်ချီတွင် လွင့်စဉ်ထွက်သွားမလား တောင် အောက်မေ့ရသည်။ ညီလေးကို ပခုံးပေါ်တင်ထားရ၍ ပိုဆိုးသည်။ ရှိပစေ။ ဘာဖြစ်လဲ။ သေရင်လည်း ညီလေးနှင့်အတူသေပေါ့။ ဖအေတူ မအေတူ တစ်အူ ထုံ့ဆင်းညီရင်းအစ်ကိုတွေပဲ လက်တွဲဖြုတ်လို့ဖြစ်မတဲ့လား။ ဖြုတ်ဝံ့တဲ့ သတ္တိရောရှိလို့လား။ ပြောသံကြားဖူးပါသည်။ "ကမ္ဘာမီးလောင် သားကောင်ချနင်း" တဲ့။ မနင်းရက်ပါဘူး။ မခြွေရက်ပါဘူး။ ကျွန်တော့်ညီလေး ကျွန်တော်သိပ်ချစ်ရတဲ့ ညီလေး။
ပိုခက်နေသည်က လှေမှာ ရွက်တိုက်ထားတုန်းကလို မရွေ့လျားနိုင်ခြင်းပင်။ သည်အတိုင်းဆိုလျှင် ကမ်းသို့ကပ်မိဖို့ မလွယ်။ ရေတိုင်ချိန်ရောက်လို့မှ ကမ်းသို့ မကပ်လျှင် ရေကျဖြင့် ပြန်လည်မျောပါပြီး ဘင်္ဂလားပင်လယ်ထဲသို့ ရောက်သွားနိုင် သည်။ ညီလေး၏ အထုပ်လေးကလည်း သူ့ချိုင်းကြားတွင် တွဲလောင်းဆွဲပြီးပါနေပေရာ သူ့အတွက်ရော ကျွန်တော့်အတွက် ပါ အနှောင့်အယှက်တစ်ခုလိုဖြစ်နေပေ တော့သည်။
"ညီလေးရေ အဲဒီအထုပ်လေး ပစ်ချ လိုက်တော့နော်၊ ရွာရောက်ရင် ညီလေး ကို ကိုကြီး ဒီထက်လှတာတွေ ဝယ်ပေးမယ်သိလား"
ညီလေးမှာ ကျွန်တော့်ကို မျက်စိပျက် မျက်နှာပျက်နဲ့ တစ်ချက်ငုံ့ကြည့်သည်။ ဦးခေါင်းလေးကိုတော့ ခပ်လေးလေးပဲ တစ်ချက်ညိတ်လိုက်သည်။ ညီလေး၏ အထုပ်လေးကတော့ သူ့လက်ထဲမှ လွှတ်လိုက်တယ်ဆိုရင်ပဲ ခဏလေးသာ ရေပေါ်မှာ မြင်လိုက်ရပြီး ရေအောက်သို့ ငုပ်လျှိုးသွားခဲ့လေပြီ။
"ဟီး ဟီး ဟီး ဟီး ဟီး"
မိမိပိုင်ပစ္စည်းတစ်ခုကို လက်လွှတ် ဆုံးရှုံးလိုက်ရသည့် အဖြစ်ကြောင့် ယူကျုံး မရဖြစ်ရသည့် ခံစားချက်ဝေဒနာသည် ညီလေး၏ နှလုံးအိမ်အား ပြင်းစွာရိုက်ခတ် ခဲ့လေပြီ။ သူ့အထုပ်လေးအတွက် နှမြောတသမှုများသည် ညီလေးအဖို့ ရင်နှင့်အမျှ ရှိနေမှာပါ။
''တိတ်စမ်းပါ ညီလေးရယ်၊ မကြာခင် ကမ်းရောက်တော့မယ်နော်၊ ရွာရောက် ရင် ညီလေးအတွက် ဦးဖိုးစောဆိုင်က အလှဆုံးပုဆိုးနဲ့အင်္ကျီ ကိုကြီးဝယ်ပေးမယ်နော်"
ညီလေးမှာ တရှုပ်ရှုပ် ငိုမြဲငိုနေသည်။
"ကဲ တိတ်ပါတော့ ညီလေးရာ၊ ညီလေး ငိုရင် ကိုကြီးပါ ငိုချင်လာပြီ"
ညီလေးမှာ အငိုမျက်နှာနှင့် ကျွန်တော့်ကို တစ်ချက်ငုံ့ကြည့်သည်။ ကျွန်တော့်မှာ မျက်စိကို တင်းတင်းမှိတ်ပစ်လိုက်ရာ မျက်လုံးအိမ် ထောင့်စွန်းဖျားများမှ အပူစီးကြောင်းများ သွယ်ဆင်းလာကြသည်။ သို့သော် ကျွန်တော့်မျက်နှာပေါ်တွင် ကြာကြာမနေခဲ့ရ။ ဒီရေလှိုင်း၏ဆေးကြောခြင်းကို ခံလိုက်ရသည်။ ညီလေး၏ ရှိုက်သံကတော့ လွင့်ပျံ့နေဆဲ။
"တို့ ဒီအတိုင်းချည်းခံနေရင် တစ်ချီချီမှာ လွင့်သွားနိုင်တယ်၊ လှေကို မှောက်လိုက်ကြရင်ရော"
"ဟာ မလုပ်နဲ့ မလုပ်နဲ့၊ မဖြစ်ဘူး မဖြစ်ဘူး။ လှေကျောမှာ ရေညှိတွေနဲ့ ချောကျိ နေတာဆိုတော့ တို့ ဘာကိုကိုင်ပြီး တောင့်ခံနိုင်မှာလဲ၊ ချက်ချင်းလွင့်စဉ်ထွက် သွားလိမ့်မယ်။ မလုပ်ကြနဲ့ ဒီအတိုင်းနေ"
ကျွန်တော့်စကားကြောင့် သိန်းနုအောင် မှာ မချင့်မရဲ ငြိမ်နေလိုက်ရသည်။ အကယ် ၍ လှေကိုမှောက်လိုက်ရင်တော့ ကျွန်တော် တို့ညီအစ်ကိုနှစ်ယောက်ရဲ့ ဝိညာဉ်တွေဟာ ခန္ဓာကိုယ်ထဲက အစောဆုံးထွက်ပြေးသွားကြမှာ အမှန်ပါပဲ။
နေလုံးကြီးတောင် ပင်လယ်ပြင်ထဲသို့ ငုပ်ဝင်တော့မလို ဖြစ်နေပါပေါ့လား။ ကျွန်တော်တို့ မြစ်ပြင်ကျယ်ကြီးထဲမှာ လှေနစ်ပြီးမျောပါနေခဲ့ကြသည်မှာ တစ်နေ ကုန်ခဲ့ပေပြီ။ နေဝင်လုနီးကာလ ဖြစ်တတ် သည့်သဘာဝအတိုင်း အရာရာသည် မှိုင်း မှိုင်းညို့ညို့၊ ဆိုင်းဆိုင်းဆို့ဆို့။ အားငယ်စိတ်၊ ဝမ်းနည်းစိတ်တို့သည် ကျွန်တော့် သွေးကြောမျှင်များအနှံ့ ပျံ့နှံ့လျက်ရှိပေ
ပြီ။ ဟိုဟိုသည်သည် ဝှေ့ယမ်းကြည့်တော့လည်း လှေတစ်စင်းတလေမျှ လှုပ်လှုပ်ပုတ်ပုတ်မမြင်ရ။
"ကိုကြီးရေ ညီလေး သိပ်ညောင်းနေပြီဗျာ"
"ညီလေး တောင့်ခံထားနော်၊ ဟိုမှာ တွေ့လား၊ ကျွန်းကိုမြင်နေရပြီ၊ အဲဒီမှာ တောင်ရှည်ဆိုတဲ့ရွာရှိတယ်၊ ရောက်တော့မယ်နော် ညီလေး"
ကံကြမ္မာဟူသည် အလှည့်ကြုံတတ်စမြဲပဲလေ။ လင်လှုပ်ကျွန်းတောင်မော်ဖျား မှ ရေဝဲကတော့သည် ကျွန်တော်တို့အား အရှိန်ပြင်းပြင်း ဆောင့်တွန်းလျက်ရှိပေပြီ။ ကျွန်တော်တို့သည် တောင်ရှည် ကျွန်းဘက်သို့ ခပ်သွက်သွက် ရွေ့ပါနေကြ လေပြီ။ စိတ်ရင်ပြင်တွင် ဝမ်းသာမှုဂယက် တစ်ခု ကသီလင်တ ထင်ဟပ်သွားသည်။ နေခြည်အပျောက်တွင်တော့ ကျွန်တော် တို့တစ်တွေမှာ တောင်ရှည်ကျွန်းသို့ ရောက်ခဲ့ကြရလေတော့သည်။ သေကံ မရောက် သက်မပျောက်ဘဲ သေတွင်းထဲမှ ထွက်လာခဲ့ကြရသောအဖြစ်တွေမို့ ကျွန်တော်တို့တွေ ဝမ်းသာလိုက်ကြသည်မှာ ပြောစရာမရှိပြီ။
"ညီလေး ဆင်းတော့၊ ကျွန်းရောက်နေပြီလေကွာ"
ကျွန်တော့်ပခုံးပေါ်က ညီလေးမလှုပ်၊ ဘာမျှမလှုပ်။ ကျွန်တော့်ရင်မှ ဝေဒနာပင့်သက်တစ်ချက် လွင့်ထွက်သွားသည်။
"ဟေ့ သိန်းနုအောင်ရေ၊ မြသိန်း မြန်မြန်လာကြပါဦး၊ ငါ့ညီလေး ဘယ်လိုဖြစ်သွားတာလဲ၊ လာကြည့်ကြပါဦး"
ကျွန်တော် မလှုပ်ရဲတော့ပေ။ သိန်းနု အောင်နှင့်မြသိန်းတို့က ညီလေးကို ကျွန်တော့်ပခုံးပေါ်မှ သယ်မပြီး ချယူကြသည်။ ညီလေးကတော့ ဘာမျှမလှုပ်။ ကျွန်တော့်အတွက် ကမ္ဘာမီးတစ်ကြိမ် လောင်ပြန်ရော့လား။ အမေ ကွယ်လွန်တုန်း က ပူဆွေးခဲ့ရသည့်သောက ဝေဒနာမျိုး၊ ညီထွေးလေးဆုံးတုန်းက ရှိုက်ငိုခဲ့ရသော ပူဆွေးမှုမျိုး ခုတစ်ကြိမ်လာပြန်ရော့လား။
မိုးကလည်း ချုပ်သွားချေပြီ။ ညဦးလမိုက်ကာလမို့ ချက်ချင်းမှောင်မည်းသွားသည်။ နေရာကလည်း လူသူမနီးသည့် ဒီရေ ရောက်တောကြီးထဲမှာ။ ဪ ချောက်ချား လိုက်ပါဘိ။
"ဟာ ညီလေး အသက်ရှူသေးတယ်၊ ကဲ ... ဝိုင်းမကြ ရွာ မြန်မြန်ရှာပြီး သွားမှ ဖြစ်မယ်"
"ရွာကတော့ မြောက်စူးစူးမှာပဲ ဖြစ်လိမ့် မယ်"
သိန်းနုအောင် ထင်မြင်ချက်ပေးသံ။ ကျွန်တော်တို့မှာ အထက်ကျွန်းစဉ်နယ် ဘက်သို့ သွားလာတိုင်း တောင်ရှည်ကျွန်း ကို အဝေးကသာ လှမ်းမြင်နေရသည်။ ရောက်ကား မရောက်ဖူးကြ။
ကျွန်တော်တို့ ညီလေးကို မ, ချီပြီး တောကြီးထဲသို့ ဝင်လိုက်ကြသည်။
ကျွံလိုက်သည့် ရွှံ့၊ ကိုက်လိုက်သည့် ခြင်၊ ရှုပ်လိုက်သည့် တောချုံနွယ်။ ညီလေး အတွက် စိုးရိမ်မှုသောက ချော်ရည်ပူများ သည် ကျွန်တော့်ရင်ထဲတွင် ဆူပွက်နေ ပေသည်။ တစ်နာရီခန့် တောတိုးလိုက်ပြီး ချိန်တွင်တော့ ဒီရေတောမှာ ပါးလျားလာ ခဲ့သည်။ တဖြည်းဖြည်း မြေမာကိုနင်းမိ လာကြသည်။ မြေမာသို့ရောက်ပြီး မကြာမီပင် ကွင်းပြင်သို့ ရောက်ရှိကြပေသည်။ ရေနံဆီမီးခွက်များ၏ မီးရောင် မှိတ်တုတ် မှိတ်တုတ်ကို လှမ်းမြင်လိုက်ကြရသည်။
"ဟိုမှာ ရွာပဲ တွေ့ပြီ တွေ့ပြီ"
မြသိန်း၏နှုတ်ဖျားမှ ဝမ်းသာအားရ အသံထွက်လာသည်။ ခွေးဟောင်သံများ ကိုလည်း ကြားလာကြရသည်။တမံရိုး တစ်ခုကို ကျော်ဖြတ်လိုက်ကြသည်။ ရိုးပြတ်တောများဖြင့် ရှုပ်ထွေးနေသော လယ်ကွင်းပြင်တစ်ခုက ဆီးတားနေပြန်
သည်။ လရောင်မရှိသော်လည်း ကြယ်ရောင်ပြိုးပြက်လင်းလက်နေ၍ တော်ပေသေးသည်။
"ကိုဘညွန့်က လူကြီးပဲ ဘောင်းဘီတိုလေးနဲ့ မသင့်တော်ဘူး၊ ကျွန်တော့်မှာ ပုဆိုးပါလာသေးတယ်၊ ရော့ ကျွန်တော့် ပုဆိုးဝတ် ကျွန်တော့်မှာ ဘောင်းဘီလည်း ရှိသေးတယ်"
မြသိန်းပြောလိုက်မှ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်သည်။ မြသိန်းထံမှ ပုဆိုးကို ခပ်သွက်သွက်ယူဝတ်လိုက်သည်။ ညီလေးအတွက် ဖြစ်တည်ခဲ့ရသော စိုးရိမ်မှုဂယက်လှိုင်းသည် ကျွန်တော့်ရင်အား အရှိန်ပြင်းစွာ တွန်းဆောင့်နေပေ၏။
"ငါ့ညီလေး ဘာမှမဖြစ်ပါစေနဲ့၊
ငါ့ညီလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ"
သွေးကပြောတော့ သံယောဇဉ်တရား ၏ ရေသောက်မြစ်မကြီးသည် ကျွန်တော့် အသိ၊ ကျွန်တော့်ဦးနှောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးကြောမျှင်များသို့တိုင် အထပ်ထပ် ရစ်ပတ်နေပေပြီ။
ဆက်လက်ဖော်ပြပါမည်။