ပြည်သူလူထုပူးပေါင်းပါဝင်သည့် လုံခြုံရေး

 

ပြည်သူလူထုပူးပေါင်းပါဝင်သည့် လုံခြုံရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ အောက်တိုဘာ  ၁၀  ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏ တာဝန်ကို စတင်ထမ်းဆောင်ခဲ့ရချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  မဲမသမာမှု၊ တရားမဲ့ပြုမှုများမှာ ဖြေရှင်းမရနိုင်လောက်အောင် ရှုပ်ထွေးခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ နိုင်ငံ၏သမိုင်းတွင် ကြီးမားသော အမည်းစက်ကြီးဖြစ်ခဲ့သည်။ နောင်တွင် အလားတူဖြစ်ရပ်ဆိုးမျိုး မဖြစ်ပေါ်စေဘဲ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အေးချမ်းတည်ငြိမ်စွာ လျှောက်လှမ်းနိုင်ရန် လိုအပ်လာသည်။ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တွင်   လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်ဟူသော ရှေ့လုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက်ခြင်းဖြစ်သည်။

လုံခြုံရေးနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် လုံခြုံရေးဟူ၍မရှိဘဲ ပြည်သူလူထုပါဝင်သည့် လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်း နိုင်မည်ဖြစ်သည်။ ပြည်သူ့လုံခြုံရေးသည် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကိုပြည်သူများက အသိရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ ပြည်သူများက လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည် ဆိုပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်သည်။ ပြည်သူများသာမက ပြည်သူ့ဝန်ထမ်းများ အနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်အနေဖြင့် ရွေးကောက်ပွဲပြန်လည် ကျင်းပ၍ အနိုင်ရသည့် အစိုးရကို နိုင်ငံတော်၏ အာဏာများပြန်လည် အပ်နှင်းသွားမည်ဟု အတိအလင်း ပြောဆိုထားပြီးဖြစ်သည်။ အဆိုပါ ရည်မှန်းချက် အောင်မြင်စေရေးအတွက်လည်း တစိုက်မတ်မတ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေး အတွက် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများနှင့် အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ  ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော် လည်းကောင်း၊   ရွေးကောက်ပွဲလမ်းကြောင်းမှသော် လည်းကောင်း  နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိမိနိုင်ငံ၏ အနာဂတ်အတွက် အကောင်းဆုံးသော နိုင်ငံရေးနည်းလမ်းကို လမ်းဖွင့်ပေးထားခြင်းဖြစ်သည်။ နိုင်ငံရေးတွင်ရိုးသားမှု ရှိစွာပါဝင်ခြင်းဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးကို သယ်ပိုးသင့်လှပေသည်။ အကယ်၍ ရိုးသားမှုမရှိဘဲ ဆက်လက်၍ လက်နက်စွဲကိုင်နေမည်  ဆိုပါက ရိုးသားမှုမရှိခြင်း၏ အကျိုးဆက်ကိုပြန်လည် ခံစားရမည်သာဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များ အပြင် နိုင်ငံတကာ ဖြစ်စဉ်များတွင်မြင်တွေ့ကြရမည်ဖြစ်သည်။ အကြမ်းဖက်လက်နက်ကိုင်များ ရှိနေသရွေ့ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုမှာ ချို့ယွင်းနေမည်ဖြစ်သည်။ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောင့်ယှက်မှု ရှိနေသမျှကာလပတ်လုံး သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် လုံခြုံရေးကိုအထူးဂရုပြု ဆောင်ရွက်နေရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အောက်တိုဘာလ ၈ ရက်ကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် ‘‘ဒီမိုကရေစီနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ၊ တရားရေးရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ဒီမိုကရေစီကို အဓိက ထိန်းကျောင်းပေးနိုင်ကြောင်း၊ လုံခြုံရေးကဏ္ဍတွင် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး စွမ်းရည်၊ စွမ်းအားရှိသည့်  ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် လိုကြောင်း၊ သင်တန်းကျောင်းများ၌ လေ့ကျင့်ရေးဆိုင်ရာများကို  မှန်မှန်ကန်ကန်ဖြင့် လေ့ကျင့်သင်ကြားပေးရန်လိုပြီး လက်တွေ့တာဝန် ထမ်းဆောင်ရာတွင် သင်ကြားထားသည်များကို ပြန်လည်အသုံးချနိုင်ရမည် ဖြစ်ကြောင်း’’ထည့်သွင်း ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် မိမိတို့သင်ကြားထားသည့် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အုပ်ချုပ်မှုကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်များကိုတိုးချဲ့ ဖွဲ့စည်းပေးထားပြီးဖြစ်သည်။ လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူးများ အနေဖြင့် တာဝန်ရှိပြီး မိမိတို့တာဝန်ယူရသည့် မြို့နယ်များ၏ အချက်အလက်များ၊ ဖြစ်ပေါ်ပြောင်းလဲနေမှုများကို အမြဲမပြတ် သိရှိနေရမည်ဖြစ်ကာ လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှု ဖြစ်ပေါ်လာမည့် အခြေအနေများကို သုံးသပ်တွက်ချက် နေရမည်ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲက မှာကြားထားသည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များ၏ လုပ်ရပ်များအား စက်ဆုပ်ရွံရှာ မုန်းတီးနေပြီဖြစ်သည့်အတွက် လုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူလူထုကလည်း လုံခြုံရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နေပြီဖြစ်ပေရာ တာဝန်ရှိသူများ အနေဖြင့် ပိုမိုခိုင်မာ အားကောင်းသည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် လုံခြုံရေးကို ခိုင်မာစွာ တည်ဆောက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။      ။