မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
“ကိုကြီးအသုံးမကျလို့ ညီလေးခုလိုဖြစ်ရတာ၊ အချိန်အခါနဲ့အခြေ အနေကို မသုံးသပ်တတ်ဘဲ အလုပ်ကိုပေါ့ပေါ့တွေးခဲ့လို့ ဒီလိုကြုံရတာ၊ ဒီရက်ဟာ ရေသေရက်ဖြစ်တယ်၊ တစ်ရေတည်းနဲ့ ကိုယ်ရည်မှန်းရာ နေရာကို ရောက်ချင်မှ ရောက်မယ်ဆိုတဲ့ အတွေးမျိုး ကိုကြီးဦးနှောက်ထဲမှာ မရှိခဲ့ဘူး။ အကယ်၍ ဒီတစ်ရေနဲ့ မရောက်ခဲ့ရင်ဆိုတဲ့ ကြိုတင် ပြင်ဆင်မှုလုပ်သင့်တဲ့ အသိမျိုး ကိုကြီးနှလုံးအိမ်မှာ မကိန်းဝပ်ခဲ့ဘူး။ ရွက်ကန့်တိုက်တဲ့နေရာမှာ လေမှာ တစ်ဖက်စီးနေတော့ လှေစောင်းနေ တဲ့အချိန် ဓနိပုံနှစ်ပုံကြား နိမ့်နေတဲ့နေရာကနေ ရေဝင်နေတာကို အတွေ့အကြုံမရှိတော့ မသိခဲ့ဘူး၊ အဲဒီနေရာကနေ ရေဝင်နိုင်တယ် ဆိုတာ ကြိုတင်မစဉ်းစားမိဘဲ ကမ်းကိုရောက်ချင်တဲ့ဆန္ဒစောပြီး စိုးရိမ် စိတ်လွန်ကဲနေတဲ့ ကိုကြီးရဲ့အားနည်းချက်။ လှေမှာ ကညင်သစ်သား နှစ်ကြာအဟောင်းအမြင်းဖြစ်လို့ သစ်ပေါ့နေတာကြောင့် စုံးစုံးမမြုပ်ခဲ့ တာပေါ့”
ကျွန်တော့်မှာ တွေးရင်း မိမိကိုယ်မိမိ လုံးဝခွင့်မလွှတ်ချင်။ ခု အသက်အရွယ် အနုနယ်ဆုံး လူမမည်ညီလေး ရာသီဥတုဆိုးရဲ့ ဖိစီးမှုဒဏ်၊ လှိုင်းသရမ်းရဲ့ ရိုက်ခတ်မှုဒဏ်၊ ဆာလောင်မွတ်သိပ်မှုဒဏ်၊ အရွယ်နှင့် မမျှအောင် စိတ်လှုပ်ရှား ခဲ့သော သောကဒဏ်ရာတွေကြောင့် သေမလား၊ရှင်မလားမသိ။
ကျွန်တော်တို့ တစ်တွေကတော့ ညီလေးကို ဝိုင်းသယ်မပြီး ရွာဆီသို့ ခပ်မြန်မြန်လျှောက်လှမ်းနေကြပေသည်။ ကျွန်တော်တို့ ရွာထဲသို့ရောက် ချိန်တွင် ရွာသားများမအိပ်ကြသေးချေ။ ကျွန်တော်တို့ ကြုံခဲ့ဖြစ်ခဲ့ရသည့် အခြေအနေကို ပြောပြကြရာ ရွာသားများ စိတ်မကောင်းဖြစ်ကြရသည်။ ညီလေးမှာလည်း ပင်ပန်းမှုဒဏ်၊ ကြောက်စိတ်လွန်ကဲမှုစိတ်ဒဏ်ရာ ကြောင့် သတိလစ်သွားခြင်းဖြစ်သည်။ ခုတော့ သတိပြန်လည်လာခဲ့ပေပြီ။ ရေတစ်ခွက်တိုက်လိုက်ရာ တော်တော်လန်းသွားသည်။
ကျေးရွာလူကြီး ဦးမောင်နီဆိုသူက ဦးဆောင်ပြီး ကျွန်တော်တို့ကို ထမင်းကျွေးသည်။ ညီလေးလည်း နေကောင်းသွားပြီဖြစ်၍ ထမင်းဝင်စားသည်။ မှတ်မှတ်ရရပြောရလျှင် မျှင်ကလေးဟင်းလှော်နှင့် စင်ပြွမ်းသီးချက် ဟင်းနှင့် ကျွေးကြသည်။ မျှင်ထိုးခြင်းအလုပ်မှာ တောင်ရှည်ရွာသားတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သည်။ စင်ပြွမ်းသီးဟူသည် ပင်စည်ကြီးမျိုးဖြစ်သည်။ ပင်စည်မှာ တပြုပင်နှင့်တူပြီး အသီးမှာလည်း တပြုသီးနှင့် ဆင်တူသည်။ သို့သော် တပြုသီးလုံးလို အလုံးကြီးကားမဟုတ်။ ခရမ်းကစော့သီးလုံးလောက်သာ ရှိသည်။ မျှင်ငါးပိ၊ ငရုတ်သီးစိမ်း ထည့်ပြီး ဟင်းလှော်ချက်စားကြသည်။ ချိုချိုချဉ်ချဉ်လေးမို့ မျှင်ကလေးလှော်နှင့်ဆို ဟင်းစားလိုက်ဖက်လှသည်။
ထမင်းစားပြီးလျှင် ရွာသားများပေးသော လှော်တက်နှင့် သောက်ရေအိုးကိုယူပြီး လာလမ်းအတိုင်း ပြန်ဆင်းလာကြသည်။ ရွာသားများပါ ကျွန်တော်တို့ကို အားပေးစကားပြောပြီး ဒီရေရောက်တောကြီးကို ဖောက်ပြီး လိုက်ပို့ကြသည်။ သန်းခေါင်လောက်တွင်မှ ကျွန်တော်တို့ လှေချည်ထားခဲ့သည့် နေရာသို့ ရောက်ကြသည်။ ရေတောင်ကျသွားလို့ တော်တော်ခန်းနေပြီ။ ရွာသားတွေနဲ့ပဲ လှေကိုရေပက်ထုတ်ပြီး ဝိုင်းတွန်း လိုက်ကြရာ မြစ်ရေစပ်ထဲ ရောက်သွားတော့သည်။
ရေက ကျနေပြီဖြစ်၍ ရေသင့်လိုက်ကာ ကျွန်တော်တို့ လှော်ခတ် ဆင်းလာကြသည်။ ရွာသားများကလည်း “ကျန်းကျန်းမာမာ အောင်အောင်မြင်မြင် ရောက်သွားကြပါစေ” ဟူ၍ ဆုပေးလိုက်ကြသည်။
ကျွန်တော်တို့ မိုးလင်းခါနီးတွင် အဖေ့ရွာ ငပသုန်ရွာသို့ ရောက်ခဲ့ကြ လေပြီ။ အဖေနှင့်ညီမလေးမှာ ကျွန်တော်တို့ညီအစ်ကို အဖြစ်ကိုကြားပြီး မျက်ရည်ပေါက်ပေါက် ကျကြလေသည်။
ရွာသို့ရောက်လို့ ဖြစ်ပျက်ခဲ့မှုဖြစ်ရပ်ကို ပြန်လည်စစ်ကြောကြည့်မှ ကျွန်တော်မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့သော ပစ္စည်းတစ်ခု ကျွန်တော့် အဝတ်အိတ်နှင့်အတူ မြစ်ပြင်ကျယ်ထဲ နစ်မြုပ်ကျန်ခဲ့ကြောင်း သတိရလိုက်သည်။ ကျွန်တော် ရင်ထဲမကောင်းဖြစ်ကာ ဆို့ဆို့နင့်နင့်ခံစားသွား ရသည်။ ၁၉၆၆ ခုနှစ် ကျွန်တော် နဝမတန်းပထမနှစ်က ဖြစ်ပါသည်။ ကျောက်ဖြူတစ်မြို့လုံးရှိ ကိုးတန်း၊ ၁၀ တန်းတက်နေကြသူ ကျောင်းသူ၊ ကျောင်းသားအားလုံး စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။ ဤတွင် လူသန်မပြောလူပြောမသန် ခေါင်းစီးဖြင့် ကျွန် တော်ဖြေထားခဲ့ရာ ပထမဆုရသဖြင့် ဆုချီးမြှင့်ပေးထားသော ပိုင်းလော့ ဖောင်တိန် (Pilot Fountain) ပင်ဖြစ်သည်။ မင်ရည်ထည့်ရေးရသော ဖောင်တိန်မျိုးပင်ဖြစ်ပါ၏။ ခုတော့ ဆုံးရှုံးခဲ့လေပြီ။ ရန်သူမျိုးငါးပါးဒဏ် ကြောင့်ပဲဟု ဖြေလိုက်ရပါတော့သည်။
ကျွန်တော်ကတော့ အမေ့ရွာသရက်တောင်မှ ဓနိချပ်များကို အဖေ့ရွာ ငပသုန်သို့ သုံးခေါက်တိတိ ပို့လိုက်ရာ အကြွေးကျေပြီး အမြတ်တောင် နည်းနည်းကျန်ခဲ့လေသည်။ ဤသို့ပို့နိုင်ရေးအတွက် ငပသုန်ရွာမှ ဓနိချပ်ဝယ်လိုသူများကို စာရင်းကောက်ယူပြီး ပို့ပေးခြင်းပင်ဖြစ်ပေသည်။ လှေမျောလို့လှေနဲ့ ဆယ်သည်ဟုပဲ ကျွန်တော် ခံယူလိုက်မိပေတော့သည်။
ဆယ်နှစ်တိုင်တိုင်
ကျွန်တော်သည် ၁၉၇၅-၁၉၇၆ ခု ပညာသင်နှစ်တွင် မြေပုံမြို့နယ် ပညာရေးမှူးရုံး၌ နဝမတန်းစာမေးပွဲအတွက် (အပြင်ဖြေ) လျှောက်လိုက်သည်။ ကျွန်တော်၏ နဝမတန်းစာမေးပွဲဖြေဆိုရမည့် ခုံအမှတ် နပ/၁ ပင်ဖြစ်ပါသည်။
ကျွန်တော် နဝမတန်းစာမေးပွဲကို (အပြင်ဖြေ) နဲ့ဖြေမည်ဟု သိလိုက်ရချိန်တွင် သရက်တောင်ရွာနှင့် အနီးဆုံး ကမ်းထောင်းကြီးရွာက ကိုမောင်မောင်ထွန်း၊ ကိုရွှေတင်အေးတို့ဆီကလည်း ဘာသာရပ်ဆိုင်ရာ လက်ရေးမူကူးစာများ ပေးပို့ကြသည်။ ကျွန်တော့်မှာ ကောက်ရိုးတစ်မျှင်သည်လည်း အားကိုးရာဖြစ်နေရသော အခြေအနေမျိုးတွင် သူတို့ဆီကပေးပို့သော မှတ်စုများသည်လည်း ဘာသာရပ်ဆိုင်ရာ အတွက် အထောက် အကူဖြစ်စေခဲ့သည်။
ကျွန်တော် နဝမတန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုပြီး၍ တစ်လခန့် အကြာမှာပဲ ကျွန်တော့်အတွက် ဝမ်းသာစရာသတင်းစကား ကျွန်တော့်ဆီ ရောက်လာခဲ့သည်။ အကြောင်းမှာ မြို့နယ်ပါတီယူနစ် ကော်မတီ လူမှုရေးတာဝန်ခံဆိုသူ ပုဂ္ဂိုလ်သည် ပါတီစည်းရုံးရေး အတွက် သရက်တောင်ရွာသို့ ရောက်လာခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။