ပီတန်း၊ ဂျူဒိုနှင့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကြည့်ရှုအားပေး
နေပြည်တော် မတ် ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းအားကစား လေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှု၊ Cluster-3 ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုနှင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက နည်းပြများ၏ စနစ်တကျ သင်ကြား ပြသလေ့ကျင့်ပေးမှု အတိုင်း လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှသာ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်၍ ကျန်းမာရေး အထူး ဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ နေထိုင်စားသောက်မှုများနှင့် လေ့ကျင့်မှုများအတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို အကောင်းဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် စံချိန်စံညွှန်းများ တိုးတက်ကောင်းမွန်စေရန် မိမိတို့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကြိုးစားလေ့ကျင့်သွားရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများ ရရှိစေရေးအတွက် နိုင်ငံတကာ အားကစား ပြိုင်ပွဲများသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
(၅၀၀)